အလုပ်သမား စေလွှတ်သည့် လချုပ်စာရင်း ပေးပို့ရန် (၃) ကြိမ်နှင့်အထက် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ လိုင်စင်ပိတ်သိမ်းခံရမည်ဟု အသိပေး

0
737

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် လုပ်ငန်းလုပ်ကိုင်သည့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် ၎င်းတို့ အလုပ်သမားစေလွှတ်ထားသည့် အလုပ်သမားစေလွှတ်မှု လချုပ်စာရင်း ပေးပို့ရန် (၃) ကြိမ်နှင့်အထက် ပျက်ကွက်ပါက လိုင်စင်ပိတ်သိမ်းခံရမည်ဟု အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ (၁၂) ရက်တွင် အသိပေးထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယခုအကြိမ်မှာ စာဖြင့် အသိပေးခြင်းဖြစ်ပြီး ဝန်ခံကတိ လက်မှတ် စတင်ရေးထိုးရမည်ဖြစ်ကာ ထပ်မံ၍ ပျက်ကွက်ပါက ကာလအကန့်အသတ်ဖြင့် လိုင်စင်ပိတ်သိမ်းခံရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ အသိပေးလာခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် အလုပ်သမားစေလွှတ်ထားသည့် လချုပ်စာရင်း အချိန်မီ ပေးပို့လာခြင်း မရှိသည့် အေဂျင်စီ (၃၀)ကို သတိပေးထုတ်ပြန်ထားပြီး အဆိုပါ စာရင်းထဲတွင် (၃) ကြိမ်တိုင် စေလွှတ်လချုပ်စာရင်းပေးပို့မှု မရှိသည့် အေဂျင်စီ (၆) ခုအထိ ရှိနေကြောင်း သိရသည်။

ပြည်ပအလုပ်ကိုင် စေလွှတ်သည့် အေဂျင်စီများ အနေဖြင့် လုပ်သားစေလွှတ်ထားသည်ဖြစ်စေ စေလွှတ်ထားမှု မရှိသည်ဖြစ်စေ စေလွှတ်စာရင်းကို Email (သို့) စာလမ်းကြောင်းမှ လစဉ် လဆန်း (၅)ရက် မတိုင်မီ ပေးပို့ရန်လည်း အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီပေါင်း နိုဝင်ဘာလကုန်အထိ ၅၀၆ ခုအထိရှိလာပြီး ၂၀၂၁ ခုနှစ် မတိုင်မီကာလက အေဂျင်စီ ၃၀၀ ခန့်သာရှိခဲ့ရာ ယခုနှစ်ပိုင်းအတွင်း အေဂျင်စီအသစ်များ များပြားလာခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရယူထားပြီး လုပ်သား မစေလွှတ်နိုင်သည့် အေဂျင်စီ အများအပြားရှိနေရာ ထိုင်းနှင့် ဂျပန်တို့က ပုံမှန်လုပ်သားခေါ်ယူမှုရှိနေပြီး မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံများမှာ လုပ်သား ခေါ်ယူမှု နည်းပါးလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here