မြန်မာ – ထိုင်းနယ်စပ်၌ မက်သာဖက်တမင်းစိတ်ကြွဆေးပြားများကို အလုံးအရင်းဖြင့်ဖမ်းဆီးရမိခဲ့ဟုဆို

0
253

ဘန်ကောက်၊ဒီဇင်ဘာ ၁၃

ထိုင်းအာဏာပိုင်များသည် ထိုင်း – မြန်မာနယ်စပ်၌ မက်သာဖက်တမင်းစိတ်ကြွဆေးပြား သန်း ၅၀ အားသိမ်းဆည်းရမိခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။အဆိုပါပမာဏသည် ထိုင်းနိုင်ငံတွင်းဖမ်းဆီးရရှိမှုများအနက် အများဆုံးအဖြစ်စံချိန်တင်ခဲ့ပြီး အာရှအတွက်ဒုတိယအများဆုံးသိမ်းဆည်းရမိခြင်းလည်းဖြစ်ကြောင်းသိရသည်။

အဆိုပါစိတ်ကြွဆေးများကို ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုတွင် ဒီဇင်ဘာ ၁၂ ရက်က ထိုင်းရဲများနှင့်စစ်သားများက ခြောက်ဘီးထရပ်ကားတစ်စီးကို တားဆီးစစ်‌ဆေးချိန်၌ဖမ်းမိခဲ့‌ ကြောင်းသိရပြီး ဆေးများကို အိတ်ကြီးများဖြင့်ထည့်ထားခြင်းဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယာဉ်ပေါ်ပါလာသည့်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။

ရွှေတြိဂံနယ်မြေအနီး၊လာအို၌သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွဆေးပြား ၅၅ သန်းပြီးလျှင် ယခုသိမ်းဆည်းရမိသည့်ပမာဏသည် အာရှအတွက် ဒုတိယအများဆုံးဖမ်းဆီးရမိခြင်းလည်းဖြစ်ကြောင်း မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာကုလရုံး၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ်ကပြောကြားခဲ့သည်။

အာရှရာဇ၀တ်ဂိုဏ်းများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများကို ခိုးထုတ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းကုလကပြောကြားခဲ့ပြီး အဆိုပါဖြန့်ဖြူးရေးကွန်ရက်များသည် ဂျပန်နှင့်နူးဇီလန်အထိပါရောက်ရှိသည်ဟုလည်း၎င်းကပြောကြားခဲ့သည်။

နိုင်ငံရေးမငြိမ်မသက်မှုများကလည်း မှောင်ခိုသမားများအတွက် မှောင်ခိုလမ်းကြောင်းများနှင့် လုပ်ငန်းများကိုပါချဲ့ထွင်နိုင်ရန် ခွင့်ပြုပေးထားသလိုဖြစ်နေကြောင်း၎င်းကဆိုခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here