စင်ကာပူရောက် မြန်မာလုပ်သားများ ရာနှင့်ချီကာ သံရုံးတွင် အခွန်သွားဆောင်နေကြ

0
464

မြန်မာနိုင်မှ စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအား ဒီဇင်ဘာ (၁၂) ရက်မှ စတင်ကာ အခွန်ဆောင်ကြရန် မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် ရာနှင့်ချီသော မြန်မာလုပ်သားများ အခွန်သွားဆောင်နေကြကြောင်း သိရသည်။

အခွန်သွားဆောင်နေသူများက လူမှုကွန်ရက်မှတဆင့် ပြန်လည်မျှဝေထားသည့် ရုပ်သံဖိုင်များထဲတွင် ရာနှင့်ချီသော လူတန်းကြီးသည် စင်ကာပူရှိ မြန်မာသံရုံးရှေ့တွင် တန်းစီ‌
စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

မြန်မာသံရုံးက ဒီဇင်ဘာ (၁၁) ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် စင်ကာပူရောက် မြန်မာ လုပ်သားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စများကို သံရုံးက လုပ်ဆောင်ပေးမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်မည့်သူများအနေဖြင့်လည်း သံရုံးတွင် လစာဝင်ငွေအ‌ပေါ်အခွန်ဆောင်ပြီးကြောင်းနှင့် မှီခို၊ ကျောင်းသား အထောက်အထား ပြသရမည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် မြန်မာသံရုံးသို့ မြန်မာလုပ်သား အများအပြား အခွန်လာဆောင်နေကြခြင်းဖြစ်သည်။

သံရုံး၏ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံတွင် လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းသားများအနေဖြင့်ကျောင်း၏ ထောက်ခံစာတင်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး အခွန်ထမ်းဖြစ်သူ၏ မိဘ၊ သားသမီးနှင့် ခင်ပွန်း/ ဇနီး ဖြစ်သူတို့သည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ လက်ထပ်စာချုပ် တင်ပြနိုင်မှသာ မှီခိုသူအဖြစ် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပ၌ နေထိုင်နေသည့် မြန်မာလုပ်သားများကို ပြည်ပမှရရှိသည့်လစာအပေါ် သတ်မှတ်သည့် ဝင်ငွေခွန်ကို အောက်တိုဘာ (၁) ရက်မှ စတင်ပေးဆောင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြေညာချက်အမှတ် ၇၉/၂၀၂၃ ဖြင့် ထုတ်ပြန် ညွှန်ကြားထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here