ထိုင်းရောက် မြန်မာများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရန် မြန်မာသံရုံး အသိပေး

0
287

ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာ (၁၃) ရက် ရက်စွဲဖြင့် ထုတ်ပြန် အသိပေးလာသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လစဉ်အခွန် ၁၅၀ ဘတ် ပေးသွင်းပါက လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာ၌ စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက် လုပ်ရေး အင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များအနေဖြင့် ထိုင်းနိုင်ငံတွင် ဝင်ငွေခွန် ဆောင်ထားပါက ယင်းအခွန် ဆောင်ငွေကိုနှုတ်၍ ကိုနှုတ်ကို ကျန်ငွေကို မြန်မာအစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

White Collar အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ ဌာန၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်ပြီး အခွန်ဆောင်ထားသူများအား QR Code အမှတ်အသားပါရှိသည့် “အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်”ကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ပျောက်ဆုံး/ ပျက်စီးခြင်း မရှိစေရေး ကာယကံရှင်မှ ထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း သံရုံးက အသိ‌ပေးထားသည်။

ထို့အပြင် စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ လုပ်သားများအတွက် ဖြည့်စွက် ဆောင်ရွက်ရမည့်ပုံစံကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖော်ပြထားပြီး စက်ရုံ၏ တာဝန်ရှိသူများမှ လုပ်သားတစ်ဦးချင်းစီအတွက် အဆိုပါပုံစံတွင် ဖြည့်စွက်ပြီး အလုပ်သမားအားလုံးအတွက် ငွေကို သံရုံးမှဖော်ပြထားသည့် ဘဏ်အကောင့်သို့ စုစည်းပေးသွင်းကာ လက်ခံပြေစာနှင့်အတူ မြန်မာသံရုံးသို့ စာရင်းတင်ပြနိုင်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လစာ ဝင်ငွေခွန် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် (၃) လတစ်ကြိမ်၊ သို့မဟုတ် (၆ )လ တစ်ကြိမ်၊ သို့ မဟုတ် (၉) လတစ်ကြိမ် ပေးသွင်းနိုင်ကြောင်းလည်း သံရုံးက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here