လမ်း​ကြောင်း​ပြောင်းကာပို့​နေရသည့် သစ်သီးများ လမ်းခရီးဒဏ်ခံနိုင်မည့်အရည်အသွေးရှိ ဖို့လို

0
182

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အရည်အသွေး ကောင်းမွန်သည့် ဖရဲ၊ သခွားများကိုသာ တင်ပို့ရန် တရုတ်သို့ ဖရဲနှင့်သခွားတင်ပို့သူများက တိုက်တွန်းထားသည်။

“လွယ်ဂျယ်လမ်းကြောင်း၊ မိုင်းလားလမ်းကြောင်းက ကိုယ်စီအခက်အခဲတော့ ရှိတာပေါ့။ ကုန်ထုတ်လမ်းကြောင်းပေါက်တယ်ဆိုရုံလေးလို့ ဆိုရမဲ့အခွင့်အလမ်းပါ။ မကြာခင်ကြံရာသီ တစ်ရှူးငှက်ပျောရာသီနဲ့ ဖရဲအထွက်များလာရင်ပိုခက်နိုင်တယ်”ဟု ခွာညိုသစ်သီးပွဲရုံက ဆိုသည်။

ထို့အပြင် မိုင်းလားဘက်မှ ဖရဲသခွားကားများအဝင်/အထွက်ပိုမြန်ဆန်လာပြီး ကားချိန်းအလုပ်သမားခ တွဲကားတစီးလျှင် (၁၀) သိန်းဝန်းကျင် အမှိုက်ပစ်ခ (၂) သိန်း၊ စုစုပေါင်း ကုန်ကျငွေ(၁၂) သိန်းရင်းမှသာ ဖရဲရောင်းရကြောင်း သိရသည်။

လက်ရှိ သခွားပေါက်ဈေးမှာ တစ်ကီလို ၂ ယွမ်မှ ၃ ယွမ်၊ ဖ ရဲတစ်ကီလိုလျှင် ၃ ယွမ် ၄ ယွမ်ရှိကြောင်း၊ ဖရဲ-သခွားများကို လမ်းခရီးဒဏ်ခံနိုင်မည့် အရည်အသွေးရှိသော အသီးများကိုသာ တင်ပို့ပါက အဆင်ပြေနိုင်ကြောင်း သိရသည်။

တရုတ်သို့ အဓိက ဝင်ထွက်နေသည့် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့သည် တိုက်ပွဲများကြောင့် ရပ်တန့်နေပြီး သစ်သီးကုန်သည်များအနေဖြင့် လမ်းကြောင်းပြောင်းလဲ၍ တင်ပို့‌ နေရခြင်းဖြစ်သည်။

လက်ရှိ ရာသီသည် ဖရဲသီးများ စတင်ထွက်ရှိသည့် ကာလဖြစ်ပြီး ယခုအချိန်တွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ရန်ကုန်တိုင်း လှည်းကူးဒေသ၊ မိထ္တီလာနှင့် သီပေါ အစရှိသည့် ဒေသများမှ ဖရဲသီးများ ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖရဲ၊ သခွားများကို မိုင်းလား၊ လွယ်ဂျယ်ဘက်မှ တင်ပို့သလို ပြည်တွင်း ဈေးကွက်ဖြစ်သည့် ရန်ကုန်ဈေးကွက်တွင်လည်း ဖရဲသီးကားများမှာ တစီးလျှင် ကျပ်သိန်း ၅၀ မှ ၈၀ ဝန်းကျင်အထိ ဈေးရရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မူဆယ်လမ်းကြောင်းတွင် ပိတ်မိခဲ့သည့် ဖရဲကားများမှာ ရက်ကြာ၍ အပျက်အစီးများ ရှိသဖြင့် ကားခသာ ပြန်လည် ရရှိသည့် အခြေအနေများလည်း ရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here