စက်သုံးဆီ အရောင်းဆိုင်များ၌ ဆီတန်းစီဝယ်ယူသူ အရေအတွက် လျှော့နည်းလာ

0
216

စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီတန်းစီ ဝယ်ယူသူများ သိသိသာသာ လျော့ပါးသွားပြီဖြစ်ကာ မိမိဝယ်ယူလိုသည့် ပမာဏဝယ်ယူရရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်အများစု၌ ယခင်ရက်ပိုင်းကကဲ့သို့ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူသည့် ယာဉ်အစီးရေ အများအပြား မရှိတော့ဘဲ ပုံမှန်အတိုင်းအနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။

“စက်သုံးဆီ တန်းစီရတာတော့ သိပ်မရှိတော့ပါဘူး။ တချို့ဆိုင်တွေဆို ကားလေးစီး၊ ငါးစီးလောက်နဲ့ ပုံမှန်အတိုင်းပြန်ဖြစ်နေပါပြီ။ တချို့ဆိုင်တွေမှာတော့ တန်းစီနေတဲ့ကားအစီးရေတချို့ ရှိနေသေးတယ်” ဟု ဒီဇင်ဘာ (၁၃) ရက်တွင် ကားဆီဖြည့်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့အပြင် ယခင်ရက်ပိုင်းကကဲ့သို့ အကန့်အသတ်ဖြင့် ရောင်းချခြင်းမျိုး မရှိတော့ဘဲ မိမိဝယ်ယူလိုသည့် စက်သုံးဆီပမာဏကို ဝယ်ယူရရှိနေပြီဖြစ်ကြောင်းလည်း အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

“ဆီတန်းစီခဲ့ရတဲ့ ကာလကဆို ကားအစီးရေ ၁၀၀ လောက်အထိ တန်းစီတာတွေရှိခဲ့တယ်။ အခုကျတော့ တန်းစီရတာတွေသိပ်မရှိတော့ပဲ ကိုယ်လိုသလောက် ဖြည့်လို့ရတယ်။ ပုံးနဲ့ကတော့ မရောင်းဘူး။ ကျွန်တော်တို့အငှားယာဉ်သမားတွေအတွက်လမ်းကြောင်းများများ ဆွဲလို့ရတာပေါ့။ ပိုပြီးအဆင်ပြေသွားတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဒီဇင်ဘာ (၁၁) ရက်တွင် 92 Ron ဂါလန် ခြောက်သိန်း ကျော်၊ 95 Ron ဂါလန် လေးသိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် လေးသိန်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ ဂါလန် ငါးသိန်းကျော် စုစုပေါင်း စက်သုံးဆီ ဂါလန် နှစ်သန်းခန့် ဖြန့်ဖြူးခဲ့သဖြင့် ယခင်ထက် သုံးဆခန့် ပိုမိုဖြန့်ဖြူးပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်ပမှ မှာယူထားသည့် စက်သုံးဆီ စဉ်ဆက်မပြတ် ဝင်ရောက်နေမှုကြောင့် နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်နိုင်သည့်အခြေအနေမရှိသဖြင့် အများပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းစွာ ဝယ်ယူသုံးစွဲနိုင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်သုံးဆီ အမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန်သက်သာစွာဖြင့် လိုအပ်သည့် မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများနှင့် တရားမဝင်သိုလှောင် ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။

ဒီဇင်ဘာ (၁၂) ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်စခန်းများတွင် စက်သုံးဆီသိုလှောင်ထားမှုအခြေအနေနှင့် ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းနေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး ဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ် များအပေါ်သို့ ဆီဖြည့်သွင်းသည့် စနစ်အားနည်းချက် မရှိရေး၊ အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက် မြန်ဆန်ရေး စနစ်သည်အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here