အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြောင့် ဂျပန်ဝန်ကြီး လေးဦး နုတ်ထွက်စာတင်

0
213

လူထု ထောက်ခံမှုနည်းပါးတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ အာဏာရ ပါတီအတွင်း အဂတိ လိုက်စားမှု အရှုပ်တော်ပုံတစ်ခုနဲ့ ရင်ဆိုင်နေရစဉ် အစိုးရအဖွဲ့ဝန်ကြီးလေးဦး ကြာသပတေးနေ့(ဒီဇင်ဘာ ၁၄) မှာ နုတ်ထွက်စာတင်လိုက်ကြောင်း သိရပါတယ်။
        
ကမ္ဘာ့ တတိယ အင်အားအကြီးဆုံး စီးပွားရေးနိုင်ငံကို ဆယ်စုနှစ်ချီ အနှောင့်အယှက်ကင်းကင်း အုပ်ချုပ်လာခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှာ ယန်းသန်း ၅၀၀ (ကန်ဒေါ်လာ ၃.၄ သန်း) ကို မလျော်ကန်သည့်နည်းဖြင့် ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာအပြီး အစိုးရအဖွဲ့ အကျပ်အတည်း ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
       
ယခုသီတင်းပတ် အနှောင်းပိုင်းမှာ အစိုးရ ရှေ့နေတွေက ရုံးခန်းတွေကို စတင်ဝင်ရောက်စီးနင်းခဲ့ကြပြီး ဒါဇင်နဲ့ချီတဲ့ လွှတ်တော်အမတ်တွေကို တွေ့ဆုံမေးမြန်းတာတွေ လုပ်နေတယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
        
အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနိုက သူ ရာထူးကနုတ်ထွက်ခဲ့ကြောင်းကို အတည်ပြုသွားခဲ့သလို စီးပွားရေးနဲ့ စက်မှုဝန်ကြီး ယာဆူတာရှီ နီရှီမူရာ၊ ပြည်တွင်းရေးရာဝန်ကြီး ဂျန်ဂျီ ဆူဇူကီနဲ့ စိုက်ပျိုးရေးဝန်ကြီး အီချီရို မီယာရှီတာတို့ကလည်း နုတ်ထွက်စာ တင်ခဲ့ကြတယ်လို့ သိရပါတယ်။
       
ဒါ့အပြင် ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးဖြစ်သူ မီချီကို ယူအီနို ရာထူးက စွန့်ခွာခဲ့သလို ဒုတိယဝန်ကြီး ငါးဦးလည်း နုတ်ထွက်ခဲ့တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ မတ်ဆူနိုက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
      
စွပ်စွဲချက်တွေကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းသွားမှာဖြစ်ပြီး LDP ပါတီကို လူထုယုံကြည်မှု ပြန်ရအောင် မိမိအနေနဲ့ ဦးဆောင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ပြောဆိုပါတယ်။
          
ဝန်ကြီးချုပ် အပေါ် လူထုစစ်တမ်း ကောက်ယူမှုတွေမှာ ၂၀၁၂ ခုနှစ် LDP ပါတီ အာဏာပြန်ရလာပြီးနောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မည်သည့်ဝန်ကြီးချုပ်ထက်မဆို ထောက်ခံမှု အဆိုးဝါးဆုံးကျဆင်းနေတယ်လို့ သိရပါတယ်။

ဒါဟာ ငွေကြေးဖောင်းပွခြင်းနဲ့ အစောပိုင်းက အရှုပ်တော်ပုံတွေအပေါ် သူ့ရဲ့ ကိုင်တွယ်ခဲ့ပုံတွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုတွေကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။
       
ပါတီရန်ပုံငွေရှာပွဲတွေမှာ သတ်မှတ်ထားတဲ့ လက်မှတ်ခွဲတမ်းထက် ကျော်လွန်ရောင်းချထားတဲ့ ငွေကြေးတွေကို ပါတီဝင်တွေထံ ပေးခဲ့တယ်ဆိုကာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here