မြောက်ပိုင်း (၃) ဖွဲ့နှင့် နစကတို့၏ ကူမင်း ဆွေးနွေးပွဲတွင် ယာယီအပစ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ကြောင်း တရုတ်ဘက်က ထုတ်ပြော

0
503

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ၊ ကူမင်းမြို့၌ မြောက်ပိုင်း (၃) ဖွဲ့နှင့် နစက၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်ရပ်စဲရေးကိစ္စ သဘောတူညီမှုရခဲ့ကြောင်း တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောကြားလာသည်။

MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် တိုက်ပွဲများ ဖော်ဆောင်နေမှုအပေါ် တရုတ်က ကြားဝင်ညှိနှိုင်းမှုဖြင့် နှစ်ဖက်တွေ့ဆုံပွဲကို လုပ်ဆောင်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် အတည်ပြု ပြောကြားထားသည်။

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည့်အချက်ကို နှစ်ဖက်အဖွဲ့အစည်းများဘက်က ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ မြန်မာ့ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှု ထိန်းသိမ်းထားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဒီဇင်ဘာ (၁၄) ရက် ညနေပိုင်းတွင် တရားဝင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ မြောက်ပိုင်း (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်၏ ဆွေးနွေးမှုရလာဒ်များသည် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်သည့်အပြင် သက်ဆိုင်ရာအသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်များထဲတွင် အပစ်အခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ထားရှိရန်၊ စစ်အကျဉ်းသားနှင့် ဆက်စပ်ထိန်းသိမ်းထားမှုများအား ဖြစ်နိုင်သရွေ့ အမြန်ဆုံး လဲလှယ်ကြရန်၊ ပဋိပက္ခဇုန်အတွင်း အရပ်သားများကို အ ကာအကွယ်ပေးရန်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီး မရှိစေရန်၊ စစ်ဘေးသင့်ဒေသမှ လူထုကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်၊ အ ရပ်သား သို့မဟုတ် စစ်ရေးနှင့် မပတ်သက်သူတို့ကို ခွဲခြားမှု မရှိဘဲ တိုက်ခိုက်နေကြခြင်းမှ ရပ်စဲရန်၊ ထိန်းချုပ်ထားကြသည့် ဧရိယာအတွင်း ဆက်သွယ်ရေးဆိုင်ရာ မသမာသည့် ရာဇ၀တ်မှုခင်းများကို အပြည့်အ၀ တားဆီးချေမှုန်းရန်၊ အရေးပါသည့် ခေါင်းဆောင်များ၊ ငွေကြေး ထောက်ပံ့သူများ၊ အာဏာအလွဲသုံးခြင်းဖြင့် အကာအကွယ်ပေးသူများ၊ ကျောထောက် နောက်ခံပေးသူများ၊ မသမာမှုနှင့် ဆက်နွယ်နေသူများကို တရုတ်နိုင်ငံအကူအညီဖြင့် အမြန်ဆုံး ဖမ်းဆီးပြီးနောက် လွှဲပြောင်းပေးရန် စသည့်အချက်များပါဝင်နေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကတိက၀တ်များကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊နိုင်ငံမြောက်ပိုင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စုပေါင်းကာကွယ် စောင့်ရှောက်ကြရန်၊တွေ့ဆုံဆွေးနွေးမှုများတလျောက် မိမိတို့၏ ကွဲပြားမှုများကို ငြိမ်းချမ်းစွာအဖြေရှာကြရန်၊အပစ်အခတ် ရပ်စဲရေးကို ဆောလျင်စွာ ချက်ချင်း အသိအမှတ်ပြုပြီး မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခက်ခဲသော ကိုယ်ပိုင်အခွင့်အရေးကို တန်ဖိုးထားသောအားဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်ခြင်း မပြုရန် စသည့်အချက်များကို သဘောတူညီမှု ရယူခဲ့ကြောင်း ကူမင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃) ဖွဲ့ဘက်ကလည်း ကူမင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်လာခြင်း မတွေ့ရသေးဘဲ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်စေ့စပ်ပေးခဲ့သည့် တရုတ်နိုင်ငံဘက်ကသာ အချက်အလက်အချို့ကို ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ် ဆောင်လျက်ရှိကြောင်းလည်း ပြောကြား ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here