တရားမဝင်ကုန်သွယ်မှုများကြောင့် တိုင်းပြည်၏ အခွန်များဆုံးရှုံးနိုင်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ရမည်ဟု နစက ဒုဥက္ကဋ္ဌ ပြောကြား

0
183

တရားမဝင် ကုန်သွယ်မှုများကြောင့် တိုင်းပြည်အတွက်ရရှိမည့် အခွန်အခများ ဆုံးရှုံးနိုင်သည့်အပြင် ‌နိုင်ငံတော်၏ ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ်ကို ထိခိုက်နိုင်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် မွန်းလွဲပိုင်းက ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ပမှ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းကဆိုသည်။

တိုင်းဒေသကြီး၊ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ကျဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ငွေကြေးတောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် အကြိမ်ကြိမ် မှာကြားထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မှာကြားထားသော်လည်း တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေး ရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ
ပါ/ မပါကို မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုခြင်း၊ တရား မဝင်ကုန်စည်များ တင်ဆောင်လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေးခြင်း၊ တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်စည်များတွေ့ ရှိသော်လည်း တန်ဖိုးနည်းကုန်စည်အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်း စသည့် နည်းမျိုးစုံနှင့် ပတ်သက်နေသည်ကို ကြားသိနေရကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌက သတိပေး ပြောကြားသွားသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သတင်းအချက်အလက် ရရှိရေးသည် အရေးပါသည့်အတွက် သတင်းပေးသူများကို ဆုကြေးငွေ မြန်မြန်ဆန်ဆန်ချီးမြှင့်ပေးပြီး သတင်းကွန်ရက် တည်ဆောက်ထားကြရန်နှင့် ရရှိသည်သတင်းများကို အကျိုးရှိစွာ အသုံးချ တားဆီးစစ်ဆေး အရေးယူကြရန် လိုအပ်ကြောင်းလည်း ၄င်းက မှာကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖမ်းဆီးရမိ တရားမဝင် ကုန်သွယ်မှု အမှုတွဲ (၅၇၅၃)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလီယံရှိပြီး နစက အစိုးရ တာဝန်ယူခဲ့သည့် ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ပေါင်း(၉၉၈၅)မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလီယံ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ခဲသတ္တုတန်ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဦးစီးဌာနကလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၄) ရက်တွင် စင်္ကာပူနိုင်ငံမှလာသည့် လေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည် (၃) ဦးကို သတင်းအရ စောင့်ကြည့်စိစစ်ရှာဖွေခဲ့ရာ ရွှေ ၁၆ ကီလိုဂရမ်၊အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ၊ iPhone ၂၅၉ လုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉၄၆ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့အစည်းအဝေးမှ သိရသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ အကောက်ခွန်မှ မြန်မာအကောက်ခွန်ဌာနသို့ သတင်းပေးပို့မှုကြောင့် ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်မှာ (၂) ကြိမ်ရှိခဲ့သည့်အတွက် နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီးနိုင်မှုများကို ဆက်လက်ဆောင်ရွက်ရမည်ဟုလည်း ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here