လန်ချန်း – မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်မည်

0
221

လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ လန်ချန်း – မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို စီမံကိန်းချ၍
အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ယမန်နေ့တွင် အသိပေးကြေညာထားသည်။

ယင်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

စီမံကိန်းအား လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ Khon Kaen University က အကောင် အထည်ဖော် ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ယင်းနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းတွင် သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် မဲခေါင် – လန်ချန်းဒေသတွင်း နိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့ နှင့် နို့ ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကွန်ယက် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကိုပါ တဆက်တည်းဆောင်ရွက်သွားမည် ဖြစ်သည်။

စီမံကိန်းအရ ဖွင့်လှစ်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကို ၂၀၂၄ ခုနှစ် မေလ တွင် စတင်နိုင်ရန် ပြင်ဆင်ထားရှိပြီး၊ တက်ရောက်မည့်လုပ်ငန်းရှင် သင်တန်းများအနေဖြင့် နိုင်ငံကူးလက်မှတ်ကို ကြိုတင်ဆောင်ရွက်ထားကြရန်လည်း နှိုးဆော်ထားသည်။

သင်တန်းတက်ရောက်ခွင့်လျှောက်လွှာများကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကာ လျှောက်လွှာကို စီမံကိန်းတာဝန်ရှိသူများက ပြန်လည်စီစစ်၍ သင်တန်းတက်ရောက်ခွင့်ရရှိသူများကို ရွေးချယ်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here