အက်တမ် (ATOM) က မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရကို မျက်မမြင်စာထုတ်ပုံနှိပ်စက်လှူဒါန်းခဲ့

0
237

အမြင်အာရုံချို့ယွင်းနေသည့် လူငယ်များအတွက် ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်နိုင်ရန် အက်တမ် (ATOM) အနေဖြင့် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ (မ.ခ.မ.မ) ကို မျက်မမြင်စာထုတ်ပုံနှိပ်စက်နှင့် ပုံနှိပ်စာရွက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ (မ.ခ.မ.မ) ကို Index Braille Everest-D V5 မျက်မမြင်စာထုတ်ပုံနှိပ်စက် မော်ဒယ်အမျိုးအစားနှင့် ပုံနှိပ်စာရွက်ပုံးပေါင်း (၁၅၀) တို့ကို လှူဒါန်းခဲ့ပြီး မြန်မာကျပ်ငွေ (၅၈) သန်းတန်ဖိုးရှိသည့် ယခုလှူဒါန်းမှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မ.ခ.မ.မ ကျောင်း၌ ပြုလုပ်သည့် အခမ်းအနားတွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံနှိပ်စက်ဖြင့် ထုတ်လုပ်ထားသည့် ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများသည် မ.ခ.မ.မ တွင် အမြင်အာရုံချို့ယွင်းနေသော လက်ရှိ ကျောင်းသားကျောင်းသူပေါင်း အယောက် (၂၀၀) နှင့် နောင်အနာဂတ်တွင် စာရင်းပေးသွင်းမည့် ကျောင်းသားကျောင်းသူများအတွက် သင်ကြားရေးလိုအပ်ချက်များကို ကူညီထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သည်။

ပြည်တွင်း၌ ယင်းကဲ့သို့သော ပစ္စည်းကိရိယာများ ရရှိရန်ခက်ခဲသည့် စိန်ခေါ်မှုအခြေအနေများကို မ.ခ.မ.မ မှကြုံတွေ့နေရခြင်းကြောင့် အက်တမ် (ATOM) မှ ယခုကဲ့သို မျက်မမြင်စာထုတ်ပုံနှိပ်စက်နှင့် ပုံနှိပ်စာရွက်များကို အထူးတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ပညာရေးဆိုတာ လူတိုင်းရသင့်တဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်ပြီး အက်တမ် (ATOM) အနေနဲ့ အမြင်အာရုံချို့ယွင်းသူများအတွက် ကောင်းမွန်တဲ့ပညာရေးရရှိအောင် ကူညီပေးနေတဲ့ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များမိတ်သဟာရရဲ့ရည်မှန်းချက်ကို အခုလိုမျိုး ကူညီထောက်ပံ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အက်တမ် (ATOM) ရဲ့ မျက်မမြင်စာထုတ်ပုံနှိပ်စက်နဲ့ ပုံနှိပ်စာရွက်လှူဒါန်းမှုဟာ လူတိုင်းတန်းတူညီမျှပိုမိုပါဝင်နိုင်ပြီး အားလုံးလက်လှမ်းမီနိုင်တဲ့ သင်ကြားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် ခြေလှမ်းတစ်လှမ်း အစပြုလိုက်သလိုပါပဲ” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က‌ ယခုလှူဒါန်းမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

မျက်မမြင်စာထုတ်ပုံနှိပ်စက်အပြင် မ.ခ.မ.မ ၏လိုအပ်ချက်များကို တစ်နှစ်ခွဲကြာ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး အရည်အသွေးမြင့် ပုံနှိပ်စက္ကူစာရွက်ရေ စုစုပေါင်း (၁၅၀,၀၀၀) ရှိသည့် ပုံနှိပ်စက္ကူဘူးပေါင်း (၁၅၀) ကို လှူဒါန်းခဲ့ကြောင်း၊ မ.မ.ခ.မ သည် နောင်လာမည့်နှစ်များတွင် ကျောင်းသားကျောင်းသူများအတွက် အရည်အသွေးမြင့် ထုတ်ဝေမှုများနှင့် သင်ကြားရေး အထောက်အကူပြုစ္စည်းများကို အသုံးပြုနိုင်မည်ဖြစ်သည့်အတွက်ကြောင့် အက်တမ် (ATOM) ၏ ယခုလှူဒါန်းမှုမှတစ်ဆင့် အမြင်အာရုံချို့ယွင်းနေသူများ၏ ပညာရေးအခန်းကဏ္ဍအပေါ် ရေရှည် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အက်တမ် (ATOM) သည် လွန်ခဲ့သော (၁၈) လအတွင်း အခြေခံအဆောက်အအုံများ၊ အထောက်အကူပြုပစ္စည်းများ တိုးတက်ကောင်းမွန်လာစေရန်နှင့် ပိုမိုကောင်းမွန်သော သင်ကြားရေးပတ်ဝန်းကျင်များ ဖန်တီးပေးခြင်းဖြင့် ကလေးငယ်နှင့် လူငယ် (၉,၅၀၀) ကျော်အထိ အကျိုးဖြစ်ထွန်းစေရန်အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် မိဘမဲ့ကလေးဂေဟာများသို့ မြန်မာငွေကျပ် သန်း (၁,၀၀၀) ကို ခွဲ‌ဝေလှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အဓိကလိုအပ်နေသော ကျောင်း (၄) ကျောင်းသို့ စုစုပေါင်း မြန်မာငွေ (၅၈,၃၁၉,၂၀၀) ကျပ် တန်ဖိုးရှိသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Labs) ကို မတည်လှူဒါန်းခဲ့ပြီး အဆိုပါ စာသင်ခန်းတိုင်းတွင် စွမ်းဆောင်ရည်မြင့်မားသော လက်ပ်တော့ပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အများသုံးအင်တာနက်စက်များနှင့် အခြား နည်းပညာသုံးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here