တရုတ်နိုင်ငံမှာ အပူချိန်ကျဆင်းပြီး ဆီးနှင်းများ ဖုံးလွှမ်းမှုကြောင့် အဝေးပြေးလမ်းတွေ ပိတ်လိုက်ရ

0
192

တရုတ်နိုင်ငံ နေရာအများစုမှာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းကာ ဆီးနှင်းဖုံးလွှမ်းနေတဲ့ လမ်းကြောင်းတွေမှာ ယာဉ်တိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ပြည်နယ်များစွာက အဝေးပြေးလမ်းတွေပေါ် ယာဉ်အသွားအလာတွေကို သောကြာနေ့(ဒီဇင်ဘာ ၁၅) မှာ ကန့်သတ်မှုတွေလုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဟေလိုကျန်၊ အနောက်ပိုင်းပြည်နယ် ရှင်ကျန် အစိတ်အပိုင်းတွေ၊ အတွင်းမွန်ဂိုလီးယား တလျှောက်နဲ့ ကန်စု၊ ကွင်ဟိုင် ပြည်နယ်တွေမှာ အပူချိန်ဟာ အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။

ဆီးနှင်းနဲ့ မိုးရွာသွန်းမှု လျော့နည်းသွားမယ်လို့ မိုးလေဝသဋ္ဌာနက ပြောဆိုပေမယ့် နိုင်ငံကို မြောက်မှ တောင်သို့ ရွေ့လျားဖြတ်သန်းတဲ့ အအေးလှိုင်းဟာ သီတင်းပတ်ကုန်ပိုင်းမှာ အပူချိန်လျော့ကျသွားစေဖို့ရှိတယ်လို့ ဆိုပါတယ်။

ဟီနန်ပြည်နယ်မှာ မြူထူထပ်မှုနဲ့အတူ လမ်းတွေမှာ ဆီးနှင်းကျဆင်းကာ ရေခဲဖုံးနေတာကြောင့် အမြန်လမ်းများစွာမှာ ယာဉ်ကြောထိန်းချုပ်မှုတွေ လုပ်ခဲ့ရပြီး ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နင်ကျားပြည်နယ်မှာ ဆီးနှင်းတွေ ကျဆင်းပြီး အဝေးပြေးလမ်းတွေ လုံခြုံမှုမရှိဖြစ်လာတာကြောင့် ယာယီ ယာဉ်ကြောရှင်းလင်းရေး အစီအမံတွေ လုပ်ဆောင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ဘဏ္ဍာရေးအချက်အချာ ရှန်ဟိုင်းမြို့မှာလည်း မြောက်ပိုင်းက လေအေးတွေ ဝင်ရောက်လာစဉ် ယခုနှစ်အတွက် ပထမဆုံး အအေးလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့မှုနဲ့အတူ သောကြာနေ့အစောပိုင်းမှာ ဖယ်ရီယာဉ်နဲ့ အချို့ဘတ်စ်ကားလိုင်းတွေကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ယင်းမြို့မှာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ အပူချိန် အနုတ် ၆ ဒီဂရီဆဲလ်စီးယပ်စ်သို့ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here