မန္တလေးတိုင်းရှိ သမဝါယမအသင်းသား တောင်သူများကို လယ်ယာသုံးစက်ကိရိယာ (၂၃) စီး ရောင်းချပေး

0
233

ယခုဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ သမဝါယမအသင်းသား တောင်သူများကို ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာ (၂၃) စီး အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ Daedong အမျိုးအစားများကို သမဝါယမအသင်းသား တောင်သူများ ကြိုက်နှစ်သက်သည့် စက်အမျိုးအစားအလိုက် အရစ်ကျစနစ်ဖြင့်လည်းကောင်း၊ လက်ငင်းစနစ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

၎င်းစက်အမျိုးအစားများသည် DT-100 N၊ CK-2810၊ EX -50 HP စသည့် စက်များဖြစ်ပြီး အသင်းသား တောင်သူများကို ဧပြီလမှစ၍ ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက ပြောပြသည်။

“စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေကြတဲ့ တောင်သူတွေကို လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ် ကူးပြောင်းဖို့အတွက် လယ်ယာသုံးစက်ကိရိယာတွေကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်ထဲမှာ ကနေ့အချိန်ထိ လယ်ယာသုံးစက် ကိရိယာ (၂၃) စီးထိ ရောင်းချပေးထားပါတယ်”ဟု ဆိုသည်။

ကျန်ရှိနေသည့် လယ်ယာသုံး စက်ကိရိယာ နှစ်စီးကိုလည်း ဆက်လက် ရောင်းချပေးလျက်ရှိပြီး အရစ်ကျနှင့် လက်ငင်းစနစ် နှစ်မျိုးစလုံးဖြင့် ရောင်းချပေးနေကာ မိမိကိုယ်ပိုင်စက်များ ရှိကြသည့်အတွက် အချိန်မီ အခါမီ ထွန်ယက်စိုက်ပျိုးနိုင်ရန်ဖြစ်သည်။

လယ်ယာသုံး စက်ကိရိယာများကို အမရပူရ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ တောင်သာ၊ နွားထိုးကြီး၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ ရမည်းသင်းမြို့နယ်တို့ရှိ တောင်သူများထံ ရောင်းချပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here