ပင်းပက်သံမဏိစက်ရုံမှ ထွက်ရှိမည့် သံစိမ်း ၃၀ ရာခိုင်နှုန်းကို မြင်းခြံသံမဏိစက်ရုံအတွက် သုံးစွဲမည်

0
393

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းမှ ထွက်ရှိလာမည့် သံစိမ်း(Pig Iron)ကို အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) ရှိ EAF ဖြင့် သံမဏိအရည်ကျိုရာတွင် ၃၀ ရာခိုင်နှုန်း သုံးစွဲသွားမည်ဟု စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောသည်။

ဒီဇင်ဘာ (၁၃) ရက်က အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ရှိ အစည်းအဝေးခန်းမတွင် စက်ရုံမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် TPE နှင့် AGS မှ ကိုယ်စားလှယ်များ၏ နေ့စဉ်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းပါဝင်ခဲ့ပြီး ထိုစဉ်က Blast Furnace ဖြင့် သံစိမ်းထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် Blast Furnace ဖြင့် ထုတ်လုပ်နိုင်သည့် သံသတ္တုရိုင်း ပမာဏနည်းပါးခြင်းနှင့် အသုံးပြုမည့်ကျောက်မီးသွေး ကုန်ကြမ်းများ၏ အရည်အသွေးနိမ့်ခြင်းကြောင့် Romelt Process ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံအမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် TPE အနေဖြင့် ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပြည်ပပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ ဆောင်ရွက်ရမည့် လုပ်ငန်း (၄၆၁) ချက်အနက် စက်ရုံရှိ ဝန်ထမ်းများ၊ ပြည်တွင်းပညာရှင်များပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်း ၃၂၀ ကို ပြည်ပကျွမ်းကျင်ပညာရှင်များ ပြန်လည်စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here