လာမည့်နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် စီစဉ်ထား

0
308

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးရေး ရာသီချိန်၌ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ရွှေ့ပြောင်းအလုပ်သမားများ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၊အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“ဈေးကွက်အသစ်တစ်ခုပေါ့။ ကိုရီးယားနိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် ရာသီချိန်လုပ်သားပေါ့။ အဓိက ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီကလည်းပြင်းထန်တဲ့အတွက် ကျွန်တော်တို့ (၈) လလုပ်ကြမယ်။လေးလကတော့ မိခင်နိုင်ငံကို ပြန်နားပေါ့။ အနည်းဆုံးနှစ်ကြိမ်တော့ အာမခံပေးရမယ်။ (၂) နှစ်ပေါ့။ (၈) လလုပ်မယ် လေးလနား နှစ်ကြိမ်ပေါ့။ ဒါမှလည်း သက်ဆိုင်ရာနိုင်ငံမှာ သွား ရောက်လုပ်ကိုင်ခွင့်အတွက် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတည်မြဲမှုသေချာစေမှာဖြစ်သလို သူတို့အတွက် လုပ်ခဝင်ငွေမှာလည်း အတိုင်းအတာ တစ်ခုအထိ စုမိဆောင်းမိနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပထမဦးဆုံးအကြိမ်စေလွှတ်မည်ဖြစ်သည့်တွက် ‌လုပ်သားဦးရေ ထောင်ဂဏန်းစေလွှတ်မည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးစေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား‌စေလွှတ်ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းရှိ အေဂျင်စီများမှ လုပ်ကိုင်နိုင်ကြောင်း၊ လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် တင်ပြထားသည့် အေဂျင်စီ (၁၁) ခုရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ရာသီချိန်လုပ်သား ခေါ်ယူခြင်းအတွက် အသက် ၂၅ နှစ်မှ ၅၀ နှစ်ကြား၊ ကျန်းမာသန်စွမ်း၍ ရာဇဝတ်မှုကင်းရှင်းသူ ဖြစ်ရမည်ဖြစ်ပြီး ပညာအရည်အချင်း မလိုကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အလုပ်သမားဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းမှ နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။

အဆိုပါ ရာသီချိန်လုပ်သား ခေါ်ယူခြင်းအတွက် တိုင်းနှင့်ပြည်နယ်နှင့် မြို့နယ်ရုံးများတွင် လျှောက်ထားနိုင်ပြီး ပြီးခဲ့သည့်အောက်တိုဘာ (၁၇) ရက်တွင် နေပြည်တော်အစိုးရရုံးများ၌ တရားဝင်စာကပ်ပြီးနောက် အင်တာဗျူးလာရောက်ဖြေဆိုသူများရှိကြောင်းလည်း သိရသည်။

ရာသီချိန်လုပ်သား ခေါ်ယူရန်အတွက် ကိုရီးယားလူမျိုးများနှင့် ရုံးပိုင်းဝန်ထမ်းများက တာဝန်ယူစစ်ဆေးပြီး အချက်အလက်နှင့် ကိုက်ညီမှု မရှိသူများကို ဖောင်တင်ခွင့်မပေးကြောင်း၊ အင်တာဗျူးအောင်မြင်သူများက E8 ဗီဇာဖြင့် ကိုရီးယားတွင် (၈)လလုပ် (၄)လနားစနစ်ဖြင့် လုပ်ကိုင်ခွင့်ရမည်ဖြစ်ပြီး ကိုရီးယားဘာသာစကားသင်တန်း တစ်ပတ်တက်ရောက်ရမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကိုရီးယားနိုင်ငံသို့ ရာသီချိန် လုပ်သားစေလွှတ်ရန် စီစဉ်နေသည်ဟု ပြောဆိုသော်လည်း ကိုရီးယား အစိုးရဘက်မှ ရာသီချိန်လုပ်သားစေလွှတ်မှုနှင့်ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here