ထိုင်ဝမ်က ကုန်သွယ်ရေးဆိုင်ရာ မျှတမှုမရှိသော အတားအဆီးများလုပ်နေဟု တရုတ် စွပ်စွဲ

0
190

ထိုင်ဝမ်ဟာ ကုန်သွယ်ရေးဆိုင်ရာ မမျှတမှုတွေ ဖော်ဆောင်နေတယ်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်အပြီးမှာ သတ်မှတ်လိုက်ကြောင်း တရုတ်အစိုးရကသောကြာနေ့(ဒီဇင်ဘာ ၁၅) မှာ ပြောဆိုလိုက်ပါတယ်။ တိုင်ပေအစိုးရကတော့ တရုတ်ရဲ့စွပ်စွဲချက်ဟာ နောက်လမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ကျွန်းဒေသနဲ့ ပေကျင်းအကြား ဆက်ဆံရေးကို ပုံဖော်ပေးမယ့် ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအကြိုကာလ ဇန်နဝါရီ ၁၂ ရက်အထိ ၎င်းတို့ စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ခဲ့တယ်လို့ တရုတ်က အောက်တိုဘာလမှာ ပြောဆိုထားပါတယ်။

တရုတ်အစိုးရအပေါ် အရေးတယူလုပ်လာအောင် ပေကျင်းဟာ စစ်ရေး၊အရဖြစ်စေ စီးပွားရေးအရဖြစ်စေ ဖိအားပေးဖို့ ကြိုးစားနေခဲ့တယ်လို့ ထိုင်ဝမ်က မကြာခဏဆိုသလို စွပ်စွဲခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေချမှတ်ထားတာကို တွေ့ရှိရကြောင်းနဲ့ ၂၀၁၀ ခုနှစ်မှာ ထိုင်ဝမ်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ဟာ တရုတ်ကုမ္ပဏီတွေအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုဖြစ်ခဲ့ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။ ယင်းသို့ ဆိုသော်လည်း ဘယ်လိုတုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်ခဲ့သလဲဆိုတာကိုတော့ဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ခြင်းမရှိသလို စုံစမ်းစစ်ဆေးမှု ပြီးစီးသွားပြီလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက သီးခြားထုတ်ပြန်ချက်တစ်ခုမှတော့ စုံစမ်းစစ်ဆေးချက်ဟာ ရှင်းရှင်း လင်းလင်းရှိပြီး ကောက်ချက်တွေဟာ ဓမ္မဓိဌာန်ကျကာ မျှတမှုရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပေကျင်းရဲ့ ကျွန်းဒေသအပေါ် ကုန်သွယ်ရေး အတားအဆီးဆိုသော စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်က တရုတ်နဲ့ ဆွေးနွေးပြောဆိုဖို့ရာ ဆန္ဒရှိကြောင်း ထိုင်ဝမ်အစိုးရက သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

“တရုတ်ဘက်က စိတ်ရင်းမှန်တယ်ဆိုရင် မိမိတို့ သဘောထားက အချိန်မရွေး ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာပါပဲ။ နှစ်ဖက်စလုံးက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတွေကို WTO ရဲ့ ယန္တရားတွေနဲ့အညီ ဖြေရှင်းသွားရမှာဖြစ်ပါတယ်” လို့ ထိုင်ဝမ်ရဲ့ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ James Hsiao က ပြောဆိုခဲ့ပါတယ်။

လူထုစစ်တမ်းတွေအရ ထိုင်ဝမ် ရဲ့ သမ္မတသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ထိုင်ဝမ်အာဏာရပါတီ DPP မှ “လိုင်ချင်းတေ” ကတော့ တရုတ်ဟာ သူ့ကို ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ် ယုံကြည်နေပြီး ပြောဆိုဆွေးနွေးရေး အကြိမ်ကြိမ် ကမ်းလှမ်းချက်တွေအပေါ် ပယ်ချခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here