“အမျိုးသားစာပေ တစ်သက်တာဆု” ချီးမြှင့်ခံရသည့် မြန်မာ့ပညာရေးပညာရှင် ‌ဆရာကြီး ဒေါက်တာ သန်းဦးအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆု ကျပ်သိန်း (၁၂၀) တို့ကို သွားရောက်ပေးအပ်

0
226

၂၀၂၂ ခုနှစ်အတွက် “အမျိုးသားစာပေ တစ်သက်တာဆု” ချီးမြှင့်ခံရသည့် စာပေပညာရှင် ဆရာကြီးဒေါက်တာဦးသန်းဦးအား နိုင်ငံတော်မှချီးမြှ့င်သည့်” အမျိုးသားစာပေ တစ်သက်တာဆု ” ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုကျပ် သိန်း(၁၂၀)တို့အား ဆရာကြီး၏ နေအိမ်သို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဒေါက်တာသန်းဦးသည် အသက် (၉၆) နှစ်ရှိပြီဖြစ်သည့်အတွက် ဒီဇင်ဘာ (၁၃) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ဆုချီးမြှင့်ပွဲသို့ ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့သည့်အတွက် ဦးသန်းဦး ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးအေးကြိုင်က ကိုယ်စားတက်ရောက်ကာ ဆုလက်ခံရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါဆု ကို ကိုယ်စားယူခဲ့ပေးသည့် ဦးသန်းဦးဖောင်ဒေးရှင်း အတွင်း‌ရေးမှူး ဦးအေးကြိုင်က MLRC နှင့် ပညာတန်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာတင်ညိုတို့ဦးဆောင်ကာ ဒီဇင်ဘာ (၁၅) ရက်တွင် ဆရာကြီး၏ နေအိမ်၌ သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၁၃) ရက် နံနက်ပိုင်းက ကျင်းပသည့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၂၀၂၂ ခုနှစ်အတွက် “အမျိုးသားစာပေ တစ်သက်တာဆု” ကို စာပေပညာရှင်ကြီး (၄) ဦးအား ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် “အမျိုးသားစာပေ တစ်သက်တာဆု” ကို စာပေပညာရှင်ကြီးများဖြစ်သည့် ဆရာကြီး ဒေါက်တာ ထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ ချစ်စံ(ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ စာပေပညာ ရှင်ဆရာကြီး ဒေါက်တာ သန်းဦး(ပြည်စိုးမင်း) တို့က ရရှိခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး ဒေါက်တာသန်းဦးသည် အသက် (၁၅) နှစ် သားအရွယ်ကပင် စတင်ကာ စာပေများ ရေးသားခဲ့ပြီး နှစ်ပေါင်း (၈၀) ကျော် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ပညာရေး၊ ပညာရပ်ဆိုင်ရာ စာပေများကို ရေးသားထုတ်ဝေခဲ့သည့် စာပေပညာရှင်ကြီးတစ်ဦးပင် ဖြစ်သည်။

ဆရာကြီးသည် ၁၉၅၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ စတင်ရောက်ရှိခဲ့ပြီး အဆိုပါ စတင်ရောက်ရှိသည့်နှစ်မှ စတင်ကာ စာပေများကို တစိုက်မတ်မတ်ရေးသားခဲ့ကြောင်းနှင့် စာစတင်ရေးသားခဲ့စဉ် မန္တလေး လူထုဂျာနယ်၊ ရွှေလင်းယုန်ဂျာနယ်၊ ရန်ကျော်ဂျာနယ်တို့တွင် အပတ်စဉ်ရေးသားခဲ့ကြောင်း ဆရာကြီးက အမျိုးသားစာပေဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားထားသည်။

ထို့အပြင် ပညာတန်ဆောင်၊ ပညာတံခွန်၊ ပညာလောက ၊ ကြေးမှုံ၊ မြန်မာ့အလင်း ၊ ဗိုလ်တထောင်သတင်းစာတို့တွင်လည်း ဆောင်းပါးများ ရေးသားခဲ့ပြီး ပညာရေးဆိုင်ရာ လုံး ချင်းစာအုပ်များအပြင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများလည်း ရေးသားခဲ့ကြောင်း ဆရာကြီး၏ ကျေးဇူးတင်စကားမှတဆင့် သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here