မျက်မှောက်ခေတ် စစ်ပွဲများကို အောင်မြင်ရန် လေကြောင်းစွမ်းအား သာလွန်မှုကို အားပြုရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

0
332

ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကိုတွေ့ ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ (၁၅) ရက်တွင် ကျရောက်သည့် တပ်မတော် (လေ) တည်ထောင်သည့် (၇၆) နှစ်ပြည့် အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ် စစ်ပွဲများတွင် လေကြောင်းစွမ်းအား သာလွန်မှုကို အားပြုပြီး ရန်သူအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေရန်အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်း အရေးသာမှုများကို အဓိကထား ဆောင်ရွက်လာသည့်အတွက် မြင့်မားသော လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော် ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

တပ်မတော်(လေ)အနေဖြင့် သမိုင်းကြောင်းတစ်လျှောက်ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့် လေကြောင်းရန်ကာကွယ်ရေးတာဝန်များကို သာမက ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် ယနေ့တပ်တော်ဝင်သည့် Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့် အတွက် ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော် (လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ မဟာ ဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြော င်းရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ်ကြေညာသည်။

ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက် လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် (၁) စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်တိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စွမ်းရည်ပြသရာတွင် ဒေါင်လိုက်ပျံတက်ပြီးအမြန်နှုန်း Zero သို့လျှော့ချကာ အောက်သို့ ဒေါင်လိုက် ပြန်လည်လျှောကျသည့် ပျံသန်းမှုပုံစံ၊Multiple Roll ၊ Oblique Loop ၊ Slow Flight နှင့် Flat Spin ပျံသန်းခြင်းတို့ကို သရုပ်ပြ ပျံသန်းခဲ့ကြောင်း သိရသည်။

Flat Spin Maneuver သည် သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သော ပျံသန်းမှုအမျိုးအစားဖြစ်ပြီး Su-30 SME တိုက်လေယာဉ်တွင်မူ လေယာဉ်၏အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် ပျံသန်းမှုထိန်းသိမ်းသည့်စနစ်များကို အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် Flat Spin Maneuver ကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here