လာမည့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရေး ဆွေးနွေး

0
180

လာမည့် ၂၀၂၄ ခုနှစ်အတွင်း (၅)ကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရန် ဆွေးနွေးညှိနှိုင်းလျှက်ရှိကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက သိရသည်။

အဆိုပါ အားကစားပွဲ ကျင်းပခြင်းသည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ပွဲတော်မှ အလားအလာရှိသည့် ထူးချွန်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟုဆိုသည်။

အမျိုးသားအားကစားပွဲတော်ကို SEA Games မကျင်းပသည့်နှစ်များတွင် ပုံမှန်ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး အိုလံပစ်အားကစားနည်းများကို အဓိကထားကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ခုကို ယမန်‌နေ့
ဒီဇင်ဘာ (၁၅)ရက်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် မဖြစ်မနေ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုသာ ရွေးချယ်တင်ပြပေးသွားရန်လိုကြောင်းနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် အမျိုးသားအားကစားပွဲတော်မှ ထွက်ပေါ်လာမည့် မျိုးဆက်သစ် အားကစားသမားများကို ဆက်လက်လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဆိုသည်။

အစည်းအဝေးအား Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here