အများနှင့် သက်ဆိုင်သည့် နေရာများတွင် လောင်းကစားပြုလုပ်နေပါက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည့် ဥပဒေ ထုတ်ပြန်

0
275

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လောင်းကစားပြုလုပ်နေပါက ဝရမ်းမပါရှိဘဲ ဖမ်းဆီးနိုင်သည့် ဥပဒေကို နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ခဲ့‌ကြောင်း သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာ (၁၃) ရက် ရက်စွဲဖြင့် လောင်းကစား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ လောင်းကစားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် အများနှင့် သက်ဆိုင်သည့် နေရာများ၌ လောင်းကစားပြုလုပ်သူများ၊ ပါဝင်ပတ်သက်သူများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက ဝရမ်းမပါရှိဘဲ ကိုယ်တိုင်ဖမ်းဆီးနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် လောင်းကစားပြုလုပ်နေသည့် အိမ်သို့ ကိုယ်တိုင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးသူအနေဖြင့် ရှာဖွေပုံစံ ပါရှိရမည်ဖြစ်ပြီး သက်သေအနည်းဆုံး နှစ်ဦးအပြင် လုံလောက်သည့် အင်အားဖြင့် မည်သည့်နည်းဖြင့်မဆို ဝင်ရောက်ခွင့်ရှိကြောင်းလည်း သိရသည်။

လောင်းကစားပြုလုပ်သည့် နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်း (ပုံစံ-က)ကို ထုတ်ပေးရမည်ဖြစ်ပြီး ဝရမ်းသက်တမ်းသည် စတင်ထုတ်ပေးသည့် ရက်မှ (၁၄) ရက်ထက် ကျော်လွန်ခြင်း မရှိစေရဟု ဖော်ပြထားသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများ အမည်စာရင်းကို ရယူပြီး ရှာဖွေတွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ(ပုံစံ-၁) ဖြင့် သိမ်းဆည်းကာ ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာ ရဲစခန်းကို ချက်ချင်းအပ်နှံရမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here