ပြည်ပမှ မဖြစ်မနေ ဝယ်ယူတင်သွင်းရမည့် ပစ္စည်းအတွက်သာ နိုင်ငံခြားငွေ အသုံးစရိတ်များကို တောင်းခံရန် နစကဥက္ကဋ္ဌပြော

0
166

နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲရမည့် အသုံးစရိတ်များအတွက် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် ပြည်ပမှ မဖြစ်မနေ ဝယ်ယူတင်သွင်းရမည့် ပစ္စည်းအတွက်သာ နိုင်ငံခြားငွေ အသုံးစရိတ်များကို တောင်းခံရန်
နစကဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)တွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေဖြင့်သုံးစွဲရမည့် အသုံးစရိတ်များအတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်ပြီး နိုင်ငံခြားငွေဖြင့်သာ မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များ၊ ပြည်တွင်း၌ ဝယ်ယူ၍မရနိုင်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းရမည့် ပစ္စည်းများအတွက်လိုအပ်သည့် အသုံးစရိတ်များကိုသာ တောင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖြည့်စွက်ခွင့်ပြုငွေများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲနိုင်သည့်ကာလမှာ (၄)လခန့်သာ ရှိသည်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ဘဏ္ဍာငွေများကို များစွာ လျာထားတောင်းခံထားပြီး မသုံးစွဲနိုင်သဖြင့် ပြန်လည်အပ်နှံခြင်းများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ဘတ်ဂျက် တောင်းခံသုံးစွဲမှုများနှင့်စပ်လျဉ်းပြီး အလေးထားစစ်ဆေးကြပ်မတ်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here