စားသုံးဆီထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရေးအတွက်လုပ်ဆောင်နေဟု နစကဥက္ကဋ္ဌပြော

0
212

ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးကို ရည်ရွယ်လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌက ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)၌ ပြောကြားခဲ့သည်။

ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲရမှုများရှိနေခြင်းကြောင့် ပြည်တွင်းစားသုံးဆီဖူလုံအောင် ထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် နိုင်ငံခြား ငွေသုံးစွဲမှုလျှော့ချနိုင်ရန်ရည်ရွယ်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးဟု ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် တစ်ရက်လျှင် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးနေပြီး နှစ်စဉ် စားသုံးရန်နှင့် လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက် တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် စားသုံးဆီကို ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှဝယ်ယူတင်သွင်းနေရပြီး ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း နစက ဥက္ကဋ္ဌက ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သည့် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း‌ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးပြီး ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး၌ အဓိက စိုက်ပျိုး​နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here