နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံနှင့် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးနိုင်ခဲ့

0
226

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံနှင့် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၁၃) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုက်ကူးမြို့၌ ကျင်းပခဲ့သော မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ အဌမအကြိမ် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုအပါအဝင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးဆိုင်ရာ သဘောတူစာချုပ်၏ အခြေပြစာချုပ်ငယ်(၁) လမ်းကြောင်းတိုးချဲ့ရေးဆိုင်ရာ နားလည်မှု စာလွှာကို လက်မှတ်ရေးထိုးရန်ကျန်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် CBTA Work Plan 2024-2028 ကို ဆွေးနွေးအတည်ပြုခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူ စာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးပူးတွဲကြေညာချက် (8th CBTA Joint Committee Statement) ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here