ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဥ်ဧက ငါး​သောင်း​ကျော်ကျယ်ဝန်း

0
567

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဘူမိနယ်မြေ (၁၅)နေရာ ပါဝင်သော ဧရိယာအကျယ်အဝန်း ၅၂၃၁၇ ဒသမ ၈၅ ဧကရှိသော နယ်မြေကို “ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်” အဖြစ် သတ်မှတ်လိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်၊ ဇိဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ဒီဇင်ဘာလ (၆) ရက်ကစတင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဘူမိရုပ်သွင်ထူးခြားသည့် နယ်မြေများကို ထိန်းသိမ်းရန်၊ ဇိဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ တည်တံ့စေရန်၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန် စသည့် သဘာဝအမွေအနှစ်များအပြင် သမိုင်းကြောင်းနှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရန် ရည်ရွယ်၍ ဘူမိဥယျာဥ်ကို သတ်မှတ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပူပိုင်းဒေသ၏ အိုအေစစ်သဖွယ်ဖြစ်သည့် ပုပ္ပါးတောင်ဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ၁၉၈၉ ခုနှစ်တွင် ပုပ္ပါးတောင်ဥယျာဉ်အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျွန်း၊ ပျဥ်းကတိုး၊ တမလန်း၊ အင်ကြင်း စသည့် အဖိုးတန်သစ်မျိုးများနှင့် ဆေးဖက်ဝင် အပင်များအပြင် စန္ဒကူး၊ စကားဝါ၊ သစ်စိမ့်မှ အစ အပူပိုင်းဒေသမျိုးရင်း အပင်မျိုးစိတ်များ၊ ပုပ္ပါး​မျောက်မြီးရှည် အပါအဝင် နို့တိုက်သတ္တဝါ မျိုးစိတ်မြား၊ ဒေသမျိုးရင်း ငှက်မျိုးစိတ်များဖြစ်သည့် နဖားကြူးအမြီးဝိုင်း၊ စွေ့အပါအဝင် အခြားငှက်မျိုးစိတ်များ၊တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါမျိုးစိတ်များ၊ အင်းဆက်နှင့် လိပ်ပြာမျိုးစိတ်များ စသည်တို့အား ထိန်းသိမ်းကာကွယ်ရန်လျက်ရှိကြောင်း သိရသည်။

ပုပ္ပါးတောင် အမျိုးသား ဘူမိဥယျာဥ် သတ်မှတ်ခြင်းဖြင့် ပုပ္ပါးဒသေရှိ ထူးခြားသည့် ဘူမိရုပ်သွင်နှင့် ကမ္ဘာ့အဆင့် ဘူမိဗေဒဆိုင်ရာ ဖြစ်တည်မှုများ၊ မီးတောင်ဖြစ်စဥ်များနှင့် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်နှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ဘူမိခရီးသွားလုပ်ငန်းနှင့် စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို အထောက်အကူပြုနိုင်ခြင်း၊ ဂေဟစနစ်များ တည်တံ့စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သစ်တောသယံဇာတများကို စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here