အမေရိကန်ပြတိုက်တစ်ခုက ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးအပ်မယ့် အစီအစဉ်ကို ကြိုဆိုကြောင်း ကမ္ဘောဒီးယား ပြောကြား

0
273

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်မှ ရှေးဟောင်းလက်ရာပစ္စည်း တစ်ဒါဇင်ကျော်ကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံများသို့ ပြန်လည်ပေးအပ်မှာဖြစ်ကြောင်း ကြေညာခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရက ကြိုဆိုကြောင်း ပြောဆိုပါတယ်။

ဒီရှေးဟောင်းလက်ရာတွေဟာ အရှေ့တောင်အာရှပြင်ပမှာ ရှေးဟောင်းပစ္စည်းရောင်းဝယ် ဖောက်ကားမှု ကွန်ရက်ကြီးကို စီမံလုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ ပန်းချီလက်ရာ ရောင်းဝယ် စုဆောင်းသူတစ်ဦးနဲ့ ဆက်စပ်တယ်လို့ သိရပါတယ်။

ရာစုနဲ့ချီသော ကိုလိုနီခေတ်ကာလနဲ့ ကသောင်းကနင်းဖြစ်စဉ်ကာလများအတွင်း အာရှ၊ အာဖရိကနဲ့ အခြားနေရာများမှ အဓမ္မရယူခဲ့တဲ့ ရှေးဟောင်းလက်ရာတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပရှိ ပြတိုက်အများအပြားကို ရောက်ရှိနေရာမှ မကြာခင်ကာလတွေက မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်နေခဲ့တာဖြစ်ပါတယ်။

ခမာ ပန်းပုလက်ရာပစ္စည်း ၁၄ ခုကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ပေးအပ်မှာဖြစ်ကာ နှစ်ခုကိုတော့ ထိုင်းနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်တယ်လို့ မန်ဟက်တန်ပြတိုက်က သောကြာနေ့မှာ ကြေညာခဲ့တာဖြစ်ပြီး ပေးအပ်မယ့် အချိန်ဇယားအတိအကျကိုတော့ ဖော်ပြခဲ့ခြင်း မရှိ​သေးပါဘူး။

“လမ်းကြောင်းမှန်ပေါ်က ဒီ ပထမခြေလှမ်းအတွက် ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်” လို့ ကမ္ဘောဒီးယား ယဉ်ကျေးမှုနဲ့ အနုပညာဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တဖန် စစ်ပွဲနဲ့ လူမျိုးတုံး သ-တ်ဖြ-တ်မှုကာအတောအတွင်း ကမ္ဘောဒီးယားထံကနေ သိမ်းယူသွားခဲ့သော မိမိတို့ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံတော်ဘဏ္ဍာတွေနဲ့ ပတ်သက်လို့ အမှန်တရားကို ပြန်ရလိုမှုနဲ့ အသိအမှတ်ပြုခံရမှုအတွက် မိမိတို့ မျှော်လင့်ကြောင်းလည်း ဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များအတွင်း စစ်ပွဲနဲ့ ခမာနီတို့ရဲ့ ရက်စက်ကြမ်းကြုတ်သော အုပ်စိုးမှုဒဏ်ကို ခံစားခဲ့ရပြီး ပရမ်းပတာဖြစ်စဉ်ကာလအတွင်း ၎င်းတို့ရဲ့ ရှေးဟောင်းရတနာပစ္စည်းများကို အဓမ္မရယူသွားစေရန် လမ်းဖွင့်ပေးသလိုဖြစ်ခဲ့ရပါတယ်။

ပြန်လည်ပေးအပ်မယ့် ရှေးဟောင်းလက်ရာတွေဟာ ကမ္ဘောဒီးယား ရှေးဟောင်းပစ္စည်းတွေကို နိုင်ငံတကာ အနုပညာဈေးကွက်မှာ ရောင်းချဖို့ နှစ်ရှည်စီမံကိန်းနဲ့ ကြိုးကိုင်စီစဉ်နေသူအဖြစ် ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုခံခဲ့ရတဲ့ ပန်းချီကုန်သည် ဒေါက်ဂလပ်စ် လက်ချ်ဖို့ဒ်နဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။  ၂၀၂၀ ခုနှစ်မှာ ‌ေ-သဆုံးသွားခဲ့တဲ့လက်ချ်ဖို့ဒ်ကတော့ သူဟာ ရှေးဟောင်းပစ္စည်း မှောင်ခိုကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here