မြိတ်ခရိုင်တွင် ရေငန်ပုစွန်မွေးမြူရေးဧက ၁၅၀၀ ကျော်ရှိပြီး ထပ်မံ တိုးချဲ့သွားမည်

0
359

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပြည်ပပို့ကုန် ရေငန်ပုစွန်မွေးမြူရေး ဧက ၁၅၀၀ ကျော်ရှိပြီး ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန (မြိတ်ခရိုင်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

လက်ရှိတွင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် ကျွန်စုမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း (၄) ခုရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်း (၇) ခုထိ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“အခုဘဏ္ဍာနှစ်ထဲမှာ မွေးမြူရေးလုပ်ငန်း (၇) ခုထိ တိုးချဲ့ဆောင်ရွက်သွားမှာပါ။ အခု ကျွန်းစုမြို့နယ်မှာ မွေးမြူရေးလုပ်ငန်း (၃) ခု တိုးချဲ့လုပ်ကိုင်နေပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

လက်ရှိ မြိတ်ခရိုင်တွင် ပြည်ပပို့ကုန် ရေထွက်ကုန်လုပ်ငန်းများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနှင့် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာတွင် မြိတ်ခရိုင်အခြေစိုက် ကမ်းဝေးငါးဖမ်းစက်လှေ အစီးရေ (၁၂ဝဝ) ကျော်ရှိပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ကမ်းဝေး ငါးဖမ်းစက်လှေ အစီးရေ (၉ဝဝ) ခန့်ရှိကြောင်း သိရသည်။

“ငါးဖမ်းလုပ်ငန်းက ရေသယံဇာတကို ထုတ်ယူသုံးစွဲရတာဖြစ်တဲ့အတွက် အကန့်အသတ်ရှိပါတယ်။ ရေထွက်ကုန် မွေး မြူရေးလုပ်ငန်းကိုတော့ တိုးချဲ့သွားမှာဖြစ်ပါတယ်”ဟု ဦးဇော်မင်းဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်တင်ပို့မှုအနေဖြင့် သောင်းခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့မှ ရေထွက်ကုန်များ ဖြစ်သည့် ငါး၊ ပုစွန်များနှင့် အခြား ရေထွက်ကုန်များကို လမ်းကြောင်း ငါးခုဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်းလမ်းနှင့် ရေလမ်းတို့မှတင်ပို့ကာ ထိုမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here