မလေးရှားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန် (၆) လစာ ပေးဆောင်ရမည်

0
505

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်ကို  (၆) လစာ ပေးဆောင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ကိစ္စအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဝင်ငွေခွန်ကောက်ခံ၍ ဆောင်ရွက်ပေးမည်ဖြစ်ကာ ဝင်ငွေခွန်စည်းကြပ်ကာလဖြစ်သည့် ၂၀၂၃ ခု အောက်တိုဘာလမှ ၂၀ ၂၄ မတ်လအထိ ဝင်ငွေခွန်ကို ၂  ရာခိုင်နှုန်းဖြင့် စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်ပနေ နိုင်ငံသားများအနေဖြင့် မိမိတို့၏လစာဝင်ငွေအပေါ်ဝင်ငွေခွန် တွက်ချက်ပေးဆောင်ခြင်းသည် မိမိတို့၏ နိုင်ငံသားများအတွက် ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးအစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လစာဝင်ငွေခွန်ပေးဆောင်ထားသူများအနေဖြင့်မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဥ်များ အစရှိသည့် ပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်း စိစစ်မှုခံယူချိန် အခွန်ဆောင်ထားသည့်အထောက်အထားတင်ပြနိုင်ပါက ငွေဖြူအနေဖြင့် ခံစားခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား အလုပ်သမားများ သွားရောက်အလုပ်လုပ်နေသည့် မလေးရှားအပါအဝင် ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံရှိသံရုံးများက ဝင်ငွေခွန်ပေးဆောင်ရန် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here