ဒေါ်လာ ၂.၈ သန်းတန်ဖိုးရှိ ပင်လယ်ရေကြောင်းလုံခြုံရေး ကူညီထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်ကို ဂျပန်-မလေးရှား လက်မှတ်ရေးထိုး

0
569

တရုတ်အပေါ် အခိုင်အမာ တန်ပြန်နိုင်ရေး အာရှနိုင်ငံတွေ ကြိုးပမ်းနေမှုအဖြစ် မလေးရှားနိုင်ငံရဲ့ ပင်လယ်ရေကြောင်း လုံခြုံမှုမြှင့်တင်ရေး ယန်းသန်း ၄၀၀ (ကန်ဒေါ်လာ ၂.၈ သန်း) ထောက်ပံ့မှုပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အကူအညီပေးရေးသဘောတူညီချက်ကို ဂျပန်နဲ့ မလေးရှားတို့ စနေနေ့(ဒီဇင်ဘာ ၁၆) မှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

တိုကျိုမှာ ပြုလုပ်တဲ့ ဂျပန်-အာဆီယံ ဆက်ဆံမှု နှစ် ၅၀ ပြည့် အစည်းအဝေး ပြင်ပ တွေ့ဆုံမှုအဖြစ် ဂျပန်နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့တဲ့ တရားဝင် လုံခြုံရေး အကူအညီဆိုင်ရာ သဘောတူညီချက်အရ ဂျပန်နိုင်ငံက ကယ်ဆယ်ရေး ရေယာဉ်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းကိရိယာတွေကို မလေးရှားကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဂျပန်-မလေးရှား ဆက်ဆံရေးကို ကျယ်ပြန့်သော မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုအဖြစ် မြှင့်တင်နိုင်ခြင်းအား ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက ကြိုဆိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံအပြင် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ နှစ်စဉ် ကန်ဒေါ်လာ ၃ ထရီလီယံကျော် တန်ဖိုးရှိ ကုန်စည်ကူးသန်းရောင်းဝယ်ရာ ကုန်သွယ်ရေလမ်းကြောင်းတစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်အဖြစ် ကြေညာထားတဲ့ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းတွေ ဖြစ်ပွားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တရုတ်ပင်လယ်ရှိ နှစ်ဖက်ပိုင်ဆိုင်မှု အငြင်းပွားရာ ကျွန်းစုတစ်ဝိုက် ရေပြင်မှာ နှစ်နိုင်ငံကမ်းခြေစောင့် တပ်တွေ ကတောက်ကဆဖြစ်ခဲ့ကြပြီးနောက် ပင်လယ်ရေကြောင်းဆိုင်ရာ ကျူးကျော်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်နဲ့ ဂျပန်တို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

မလေးရှားအတွက် ဂျပန်ရဲ့ အကူအညီဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ သဘောတူညီခဲ့မှုပုံစံအတိုင်းဖြစ်ပြီး ဧပြီလအတွင်း ဂျပန်က ကြေညာခဲ့တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ကာကွယ်ရေး အားကောင်းလာစေရန် ဘဏ္ဍာရေး ထောက်ကူမှုပါဝင်တဲ့ ကူညီပံ့ပိုးမှုဆိုင်ရာ အစီအစဉ်တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရပါတယ်။

Ref:Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here