သံလျင်တံတား အမှတ်-၁ ၏ ယာဉ်ကြောပိတ်မှုကိုဖြေရှင်းပေးနိုင်မည့်သန်လျင်တံတားအမှတ် – ၃

0
522

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် – ၃) တံတားဆက်ခြင်းကို ယနေ့ ဒီဇင်ဘာ (၁၇) ရက် နံနက်ပိုင်းကကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်​ရောက်ခဲ့သည်။

နစက ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် – ၃) အပိုင်းလိုက်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေ၊ ၄ လမ်းသွား တံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိပြီး သံမဏိကြိုးဆိုင်းတံတား (CableStayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီးတံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တံတားစီမံကိန်း လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ်ကတ္တရာ ကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်ကျန်ရှိဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တံတားတည် ဆောက်ပြီးစီးသွားပါက သံလျင်တံတားအမှတ် – ၁ တွင် ဖြစ်ပေါ်လျက်ရှိသည့်ယာဉ်ကြော ပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူး စီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည့်အပြင် သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်တံတားအမှတ်-၃ သို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here