ပြည်တွင်းစွမ်းအင် လိုအပ်ချက်အတွက် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို ပြန်လည်ပတ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်

0
1491

ယနေ့ ဒီဇင်ဘာ (၁၇) ရက် မွန်းလွဲပိုင်းက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မူလအတိုင်း ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

စက်ရုံပြန်လည်ပတ်နိုင်ခြင်းဖြင့် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့အပြင် ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါက ကုန်ကျမည့် ကုန်ကျ စရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစားဆောင်ရွက်သွားကြရန်လည်း အကြံပြုခဲ့ကြောင်းလည်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်တို့က နစက ဥက္ကဋ္ဌအား စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လုပ်ငန်းများ၊ စက်ရုံလည်ပတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီးဖြစ်သည့် အရင်းအမြစ်များကို အခြေခံ၍ နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးအတွက်ဆောင်ရွက်နေမှုအစီအမံများ၊ နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများမှ ရေနံထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်နေမှုနှင့် အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနိုင်မှု အခြေအနေများ၊ ကုန်ကြမ်းရရှိနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့‌ကြောင်းလည်း သိရသည်။

အဆိုပါ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုရာသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလည်း လိုက်ပါခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here