ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်မည့် ငွေကျပ်သိန်း (၇၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၅) သိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ တောင်ကြီး-မိတ္ထီလာသွားကားလမ်း၊ မြို့ဝင်တိုးဂိတ်အနီးတွင် ဒီဇင်ဘာ (၁၅) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်က မူးယစ်ဆေးဝါး သတင်းအရ တောင်ကြီးမှ ကလောဘက်သို့ မောင်းနှင်လာသော TOYOTA ALPHARD ယာဉ်တစ်စီးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်ကို အောင်မျိုးထွန်း(ခ)အောင်မျိုး မောင်းနှင်ကာ သွင်ဇာအောင် လိုက်ပါလာခြင်းဖြစ်ပြီး သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၇၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၅) သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။