ဋ္ဌာနဆိုင်ရာ၏ ထိန်းကျောင်းမှုကြောင့် နယ်စပ်ဖြတ်ကျော် ရွှေရောင်းဝယ်မှု ပပျောက်သွားကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌပြော

0
205

ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှု မှန်ကန်မြန်ဆန်ရေးကော်မတီ၊ ရွှေနှင့် ငွေကြေး စောင့်ကြည့်ထိန်းသိမ်းရေးကော်မတီ၊ ရွှေဈေးကွက် ထိန်းသိမ်းရေးကော်မတီ၊ ငွေကြေးခဝါချကော်မတီ၊ သတ္တုအာဏာပိုင်အဖွဲ့ အစရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထိန်းကျောင်းလမ်းညွှန်မှုကြောင့် နယ်စပ်ဖြတ်ကျော် ရွှေရောင်းဝယ်မှု ပပျောက်သွားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

“အဲ့ဒီလိုပဲ ဈေးကွက်မှာ ရွှေဈေးကစားတာတွေလည်း အားလုံး ပျောက်ဆုံးသွားပါပြီ။ ဒါက ဌာနဆိုင်ရာရဲ့ ထိန်းကျောင်းပေးမှု၊ အသင်းသူ အသင်းသား ရွှေကုန်သည်တွေရဲ့ စည်းလုံးညီညွတ်မှု၊ ဒီသင်တန်းတွေရဲ့ ဖွင့်လှစ်လိုက်တဲ့ ရည်ရွယ်ချက်တွေ၊ ဥပဒေ နည်းဥပဒေတွေကို ပြည်သူလူထုအတွင်းမှာ စိမ့်ဝင်ပြန့်နှံ့သွားတဲ့အတွက် ငွေကြေးခဝါချတဲ့ ဥပဒေတွေ ပြန့်နှံ့လာတဲ့အတွက် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တာတို့ ရွှေဈေးကစားတာတို့ အထူးပပျောက်သွားပြီ”ဟု ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းကာ ရွှေလုပ်ငန်းနှင့်ပတ်သက်သည့် သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် အကျိုးအမြတ်များ ရရှိခဲ့ပြီး ရွှေပညာဒါနနှင့် ငွေကြေးခဝါချသင်တန်းကို လစဉ် ဖွင့်လာခဲ့သည့်အတွက် လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှု လုံးလုံးပျောက်သွားပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးအတက်အကျနှင့် နိုင်ငံခြားဈေးနှုန်းအတက်အကျသည် ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်မှုရှိပြီး ရန်ကုန်ရွှေအသင်းအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်မှုရှိစေရန် ဝိုင်းဝန်း ကြိုးစားပေးနေကြောင်းလည်း ၎င်းကဆိုသည်။

“ကမ္ဘာ့ရွှေဈေးကွက် အလှုပ်အခက် ကြမ်းတယ်။ ကမ္ဘာ့ရွှေဈေးကွက် အပြောင်းအလဲ မြန်တယ်။ အဲဒီကြားထဲကနေ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းများအသင်းအနေနဲ့ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးပမ်းပြီး ဆောင်ရွက်ခဲ့ပါတယ်”ဟု YGEA အသင်းဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။

ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး‌တစ်အောင်စလျှင် ၂၀၂၃ ဒေါ်လာဖြစ်ပြီး ၃၆၁၄၄၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here