ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းကို ဖွင့်လှစ်မည်

0
218

မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မင်းဘူးသစ်ထုတ်ရေးဒေသ တာဝန်ခံ ခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်၏ ပြောပြချက်အရ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပဒေါင်း - ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝရှုခင်းအလှများကိုအခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဆင်စခန်းကိုတော့ ယခုလက်ရှိမှာလည်း အဆက်မပြတ်ဖွင့်လှစ်ထားပါတယ်။ လာရောက်အပန်းဖြေ လည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတိုဆင်စီးရင်း သဘာဝရှုခင်းအလှတွေကို ကြ ည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေးမှာ ဆင်များနဲ့အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်နေပါတယ်”ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။

အဆိုပါ ဆင်စခန်းကို နေ့စဉ်နံနက် ၇ နာရီ မှ ညနေ ၆ နာချိန်အထိ ဖွင့်လှစ်ထားပြီး ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ကျပ် ၅၀၀၀ နှုန်း၊ နိုင်ငံခြားသားတစ်ဦးလျှင်ဝင်ကြေး ကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခ ကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင်ငှားရမ်းခ ကျပ် ၃၀၀၀၀ နှုန်းနှင့် VIP တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ကျပ် ၅၀၀၀၀ နှုန်းတို့ဖြင့် သတ်မှတ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here