MNL လိဂ် နောက်ဆုံးချန်ပီယံလုပွဲ အတွက် အကောင်းဆုံးပြင်ဆင်ထားဟု YUFC အသင်းခေါင်းဆောင် ဒေးဗစ်ထန် ဆို

0
243

ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ (၄)နာရီတွင် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ YUFC အသင်းအနေဖြင့် အကောင်းဆုံး ပြင်ဆင်ထားကြောင်း အသင်းခေါင်းဆောင် ဒေးဗစ်ထန် က ဆိုသည်။

ယနေ့ ကစားမည့် ပွဲစဉ်သည် မြန်မာနေရှင်နယ်လိဂ်၏ နောက်ဆုံးပွဲစဉ်တစ်ခုလည်းဖြစ်ပြီး၊ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်းအတွင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်အား ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားပြီး၊ ကွင်းအတွင်းလာရောက်အားပေးကြရန် နှစ်ဘက်အသင်းက ဖိတ်ခေါ်ထားသည်။

ဒေးဗစ်ထန်း က “လက်ရှိကစားသမားတွေနဲ့နည်းပြတွေနဲ့အတူ အကောင်းဆုံးဖြစ်ဖို့နဲ့ ရလဒ်ကောင်းတစ်ခုရဖို့ပြင်ဆင်ထားပါတယ်။ တစ်ဖက်အသင်းကလည်း ချန်ပီယံဖြစ်သွားပြီဆိုတော့ သူတို့အတွက်လည်း ဂုဏ်ယူပါတယ်။ ပွဲမှာတော့ လေးလေးစားစားနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပွဲရောက်တဲ့အခါမှာ ပြင်ဆင်ထားခဲ့တဲ့ နည်းဗျုဟာတွေကို အပြည့်အဝအသုံးချပြီး ယှဉ်ပြိုင်ကစားမှာဖြစ်တဲ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့မျှော်လင့်ပါတယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ဆက်လက်ပြီး ဒေးဗစ်ထန်း က “အားပေးကြပါ။ စိတ်မပျက်ကြပါနဲ့။ ဘောလုံးဆိုတာ အရာရာပြောင်းလဲ နေပါတယ်။ အဲ့ဒီအတွက် လာမယ့်ပွဲမှာ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေပေးနိုင်ဖို့ ကစားပေး သွားပါမယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၅၀ နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၁၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၅၉ မှတ်ဖြင့် အဆင့် ၁ နေရာတွင်ရပ်တည်နေသည်။

တစ်ဖက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းအား သရေကစားနိုင်ခဲ့ပါကလည်း လက်ရှိ ချန်ပီယံဆုကို ဆက်လက်ပိုင်ဆိုင်မည့် အသင်းတစ်သင်းဖြစ်သည်။

” ရှမ်းအသင်းကွင်းထဲကို ဝင်လာတဲ့အခါချန်ပီယံအဖြစ်နဲ့ ဝင်လာမှာ ဖြစ်ပြီး ပြိုင်ပွဲပြီးလို့ ပြန်ထွက်လာတဲ့အခါ ရှုံးပွဲမရှိ ချန်ပီယံ အနေနဲ့ထွက်လာနိုင်ဖို့ ကြိုးစားသွားပါမယ်။ ဒါကြောင့် ဒီနေ့ပွဲအတွက် အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်သွားမှာပါ” ဟု ရှမ်းယူနိုက်တက်အသင်းက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here