နိုင်ငံခြားငွေ အကန့်အသတ်ကြောင့် EV ကား အများအပြား တင်သွင်းခွင့်မပြုနိုင်

0
198

အရေးကြီးကုန်စည်များမှ လွဲ၍ အခြားသော လူသုံးကုန် ပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းအပေါ် သုံးစွဲရမည့် နိုင်ငံခြားငွေ အကန့်အသတ်ရှိခြင်းကြောင့် လျှပ်စစ်ကား (EV) တင်သွင်းမှုကို အလုံးအရင်းဖြင့် ခွင့်ပြုနိုင်ချေမရှိဟု BYD Essential Motor Co.,Ltd မှ Executive Director ဒေါက်တာစိုးထွန်းက ပြောသည်။

“တကယ်တမ်းကျရင် နိုင်ငံခြားငွေ အကန့်အသတ်ကြောင့် တင်သွင်းခွင့် နည်းခဲ့တာပေါ့။ နောက်နှစ်ကျရင်လည်း အများကြီး တင်သွင်းခွင့်ပြုမှာ မဟုတ်ဘူး”ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် လက်ရှိမှာ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးနှင့် ဆက်စပ်ပစ္စည်း စသည့် မဖြစ်မနေ လိုအပ်သည့် ကုန်စည်များကိုသာ ပြည်ပမှ အရေးတကြီး တင်သွင်းခွင့်ပြုထားပြီး မော်တော်ယာဉ်ကဲ့သို့ ဇိမ်ခံပစ္စည်းများကို ဦးစားပေးသွင်းကုန်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။

“ကားကတော့ ဦးစားပေးထဲ မပါဘူး။ အဲ့ဒီတော့ အရေအတွက်က အများကြီးတော့ တိုးမလာနိုင်သေးဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတက်ရေးကော်မတီသည် ကနဦးစမ်းသပ်ကာလ (EV Pilot Project) အဖြစ် တစ်နှစ်လျှင် လျှပ်စစ်သုံးယာဉ် အစီးရေ ၃၀,၀၀၀ တင်သွင်းနိုင်ရေး ရည်မှန်းထားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ယခုနှစ် နိုဝင်ဘာလကုန်အထိ EV လူစီးမော်တော်ယာဉ် ၁၅၀၀ ကျော်၊ EV ကုန်တင် ဝန်ပေါ့ယာဉ် ၂  စီး၊ EV ဆိုင်ကယ် ၂၃၀၀ ကျော်နှင့် သုံးဘီးတပ်ယာဉ် ၂၂၀ ကျော်တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here