ပြည်ပမှ ဝယ်လိုအားများသဖြင့် ပဲလွန်းဖြူ အရောင်းအဝယ်ကောင်းနေ

0
415

မန္တလေးဈေးကွက်တွင် ပဲလွန်းဖြူ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲလွန်းဖြူများကို ယခုလက်ရှိတွင် တရုတ်နိုင်ငံမှ ဝယ်ယူမှုများရှိလာပြီး ယခင်က မန္တလေးဈေးကွက်အတွင်း၌ ပဲလွန်းဖြူများ အရောင်းအဝယ်ပုံမှန်အနေအထားတွင် ရှိနေသော်လည်း ယခုလက်ရှိတွင် ပြည်ပမှ ဝယ်လိုအားများသဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိ ပဲလွန်းဖြူတွေကို ပြည်ပနိုင်ငံတွေအပြင် ပြည်တွင်းကုန်သည်တွေက ဝယ်ယူမှုတော်တော်လေးများလာပြီး ဈေးကွက်ထဲ အရောင်းအဝယ်ပိုပြီး ကောင်းလာတယ်”ဟု ဦးစက်မောင်ဆွေက ပြောသည်။

မန္တလေးဈေးကွက်တွင် ယနေ့ ပေါက်ဈေးအရ ပဲလွန်းဖြူဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၇၅ဝဝဝ ထိ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ကောင်းမွန်လာခဲ့ကြောင်း သိရသည်။

“အရင်က တရုတ်ဘက်က အဝယ်မရှိတာကြောင့် အရောင်းအဝယ်အေးနေခဲ့တယ်။ အခုတော့ ပဲလွန်းဖြူတွေ မန္တလေး ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်နေပါတယ်” ဟု ဦးစက်မောင်ဆွေက ဆိုသည်။

ပဲလွန်းဖြူများကို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ရေဝင်ဒေသများတွင် မြစ်ရေကျချိန်၌ စတင်စိုက်ပျိုးကာ လက်ရှိ မန္တလေးဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ မြောင်မြို့နယ်တို့မှ ထွက်ရှိသည့် ပဲလွန်းဖြူများ ဝင်ရောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here