အာဆီယံအနေဖြင့်မြန်မာ့အရေးအားကူညီပေးနိုင်ရန်အဆင်သင့်ဖြစ်နေသင့်–ဖိလစ်ပိုင်သမ္မတ

0
358

အာဆီယံအနေဖြင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံအား ကူညီထောက်ပံ့ပေးနိုင်ရန် အဆင့်သင့်ရှိနေသင့်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုစ့်ဂျူနီယာကထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်သမ္မတသည် မြန်မာ မပါဝင်သော အာဆီယံ- ဂျပန်ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောချိန်အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

ဆိုးရွားနေသည့်အကြမ်းဖက်တိုက်ခိုက်မှုများကို ဖြေရှင်းနိုင်မည့် လိုအပ်ချက်များဆောင်ရွက်ခြင်းမျိုးမရှိပါက ဒေသတွင်းတည်ငြိမ်ရေးနှင့်လုံခြုံရေးကိစ္စအားဆွေးနွေး၍ ရမည်မဟုတ်ကြောင်းလည်း မစ္စတာမားကို့စ်ကဆိုသည်။

မြန်မာ့အရေးအငြင်းပွားမှုများ၌ ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးအနေနှင့်လည်း စေ့စပ်ဆွေးနွေးမှုများ ဖော်ဆောင်ပြီး ယင်းမှတစ်ဆင့် မြန်မာပြည်သူများ၏အကျိုးစီးပွားကိုစောင့်ရှောက်ရမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ယခုအချိန်၌ မြန်မာကိုယ်စားပြုထိုင်ခုံအားအလွတ်ထားထားရသော်လည်း မြန်မာနိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံ၊အာဆီယံမိသားစုဝင်အဖြစ်ရှိနေဆဲဖြစ်သည်ဟုလည်းဆိုသည်။

အာဆီယံအဖွဲ့သည်လည်း ဘုံသဘောတူညီချက်ငါးချက်မှတစ်ဆင့် ကုလသမဂ္ဂအဖွဲ့စည်းများ၊အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မြန်မာ၏လက်ရှိအခြေအနေများကို ပိုကောင်းလာအောင်ကူညီပေးသင့်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ၊အငြင်းပွားမှုများ ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် ဖိလစ်ပိုင်သည် လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စား အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Source : inquirer


LEAVE A REPLY

Please enter your comment!
Please enter your name here