စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌပြော

0
149

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းအနေဖြင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၂၈) ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

”အသင်းအနေဖြင့် ဒေသအသီးသီးရှိ MSME လုပ်ငန်းများ၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လျက် ရှိပါတယ်။ မိမိတို့ သက်တမ်းကာလအတွင်း သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီ ဝယ်ယူရရှိမှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် စက်မှုပညာရှင် အကြံပေးများ၏ အကြံဉာဏ်များကို ရယူခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ခဲ့သည့်အပြင် CMP လုပ်ငန်းများ ၊ ဓာတုဗေဒ လုပ်ငန်းများ၊ ဆိုလာစွမ်းအင်ဆိုင်ရာ လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ကာအသင်းတွင် အသင်းသားဦးရေ တိုးပွားရန်နှင့် အသင်းကြီး ခိုင်မာတောင့်တင်း၍ အားကောင်းစေရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအေးထွန်းက ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမီသော ထုတ်ကုန်ပစ္စည်းဖြစ်အောင် ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းနိုင်ငံများနှင့် သာမက နိုင်ငံတကာနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်အောင် နည်းပညာ အသစ်အဆန်းများကို မျက်ခြေမပြတ် လေ့လာသင်ယူရန် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်တွင်း ထုတ်ကုန်အရည်အသွေး၊ ဘေးကင်းလုံခြုံမှုရှိရေး၊ စံချိန်စံညွှန်းမှီစေရေးကို မမေ့ကြရန်လိုအပ်ကြောင်းနှင့် ထုတ်ကုန်ပစ္စည်း အဆင့်မြှင့်လာပါက ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ပြည်ပကို တင်ပို့နိုင်မည့် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် သက်တမ်းကာလအတွင်း အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဦးက ဖတ်ကြားတင်ပြခဲ့ပြီး ဧည့်သည်တော်များ၊ အသင်းသူ အသင်းသားများစုံလင်စွာဖြင့် အခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအေးဝင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအေးထွန်း၊ အကြံပေးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင် အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်နယ်နှင့်တိုင်း အသီးသီးရှိ စက်မှုဇုန်များမှ တက်ရောက်လာသော ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အသင်းသား၊အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here