ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ပြီး ရေကြောင်းမှတဆင့် ပြည်ပပို့မည့် မူးယစ်များနှင့် ဆက်စပ် မူးယစ်မှောင်ခိုဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးရမိ

0
241

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ (၃)ရက် မွန်းလွဲ (၁) နာရီခွဲအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိနှင့် မမေဦးကိုကို(ခ)မေဦးကြည် လင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သ တင်းအရ ရှာဖွေခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ (၄) ရက် မွန်းတည့် (၁၂) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့အား ALP HARD မော်တော်ယာဉ် (၁)စီးနှင့် လည်းကောင်း ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်သည်။ 

ထို့အပြင် ဒီဇင်ဘာ (၄) ရက်၊ မွန်းလွဲ (၁၂) နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချိုအား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ (၄) ရက်၊ ည (၇) နာရီအချိန် ဆက်စပ်ပါဝင်သူများဖြစ်သည့် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှတိုအား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင် လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်းအား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဒီဇင်ဘာ (၆) ရက် မွန်းလွဲ (၂) နာရီအချိန်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

၎င်းအား စစ်ဆေးချက်အရ ဒီဇင်ဘာ (၇) ရက်၊ နံနက် (၁၀) နာရီခွဲအချိန် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ (၉) ရက်၊ မွန်းလွဲ (၂) နာရီအချိန် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သား အဆင့်ရှိ ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို (၆) ဦးအား ပြည်ပသို့ ပင်လယ်ရေကြောင်းမှတဆင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘော (၁)စီးနှင့်အတူ ထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှ တဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။  

စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်း၏ ဦးစီး စီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကာ အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here