MNL လိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည့် ရှမ်းယူနိုက်တက်အား ကျပ်သိန်း (၆၀၀) နှင့် တစ်ဦးချင်းရွှေတံဆိပ် ချီးမြှင့်

0
219

၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံဆုကို ဆက်လက်ဆွတ်ခူးခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား ကျပ်သိန်း (၆၀၀)နှင့် တစ်ဦးချင်းရွှေတံဆိပ် ချီးမြှင့်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံက သိရသည်။

ဆုချီးမြှင့်ပွဲအား ယမန်နေ့ ဒီဇင်ဘာ (၁၈)ရက် ပြိုင်ပွဲပြီးဆုံးပြီးနောက် သုဝဏ္ဏဘောလုံးကွင်း၌ တဆက်တည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ယခုနှစ် နေရှင်နယ်လိဂ် ရာသီသိမ်းနောက်ဆုံးပွဲစဉ်၌ ယှဉ်ပြိုင်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Myanmar National League 2023 ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ချီးမြှင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကလည်းကောင်း၊ ဆုကြေးငွေကျပ်သိန်း (၆၀၀) ချီးမြှင့်ခြင်းကို MPT Joint Operations, Chief Commercial Officer Mr. Tetsu Nagashima ကလည်းကောင်း ၊ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းအတွက် အထူးဆုဖလား ပေးအပ်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်ကလည်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံးအဖြင့်(၁၃)ဂိုးသွင်းယူနိုင်ခဲ့သော ရှမ်းယူနိုက်တက်တိုက်စစ်မှူး Racheen Bello အား အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် (၁၀)သိန်းကို ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှကျော်ဝင်း ကချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပွဲစဉ်တလျှောက် ယှဉ်ပြိုင်ကစားခဲ့ကြသော အဆင့်(၅)နေရာ ရပ်တည်နိုင်ခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းအား ဆုကြေးငွေကျပ်သိန်း (၁၀၀)ချီးမြှင့်ခြင်းကို ရှမ်းယူနိုက်တက်အသင်းဒုတိယဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေကလည်းကောင်း၊ အဆင့်(၄) နေရာရရှိသည့် အား/ကာသိပ္ပံအသင်းကို ဆုကြေးငွေကျပ်သိန်း (၂၀၀)ချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကလည်း ကောင်း၊ တတိယနေရာရရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆု ချီးမြှင့်ခြင်းနှင့် ဆုကြေးငွေကျပ်သိန်း (၃၀၀) ပေးအပ်မှုကို မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းကလည်းကောင်း၊ ဒုတိယနေရာရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုချီးမြှင့်ခြင်းကို ရှမ်းယူနိုက်တက်အသင်းဥက္ကဌ ဦးခွန်နောင်မြင့်ဝေကလည်းကောင်း၊ ဆုကြေးငွေကျပ်သိန်း(၄၀၀) ကို ဒဂုံစတားယူနိုက်တက်အသင်းဥက္ကဌဦးမျိုးတင့်အောင်ကလည်းကောင်း ချီးမြှင့်ပေးခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးချန်ပီယံဆုကို ရမှတ်(၆၀) ဖြင့် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းအား ကိုးမှတ်ဖြတ်ကာ ချန်ပီယံဆုကို (၅)ကြိမ်‌မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံဆုကို ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ များတွင် ရရှိထားခဲ့ပြီးဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲများတွင် ရတနာပုံအသင်းက ချန်ပီယံဆုလေးကြိမ်၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က ချန်ပီယံဆု ငါးကြိမ်စီ ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here