ပင်လယ်နီကို ကာကွယ်ဖို့ နိုင်ငံပေါင်းစုံ စစ်ဆင်ရေးသစ် စတင်ကြောင်း အမေရိကန် ကြေညာ

0
250

ယီမင်နိုင်ငံရှိ အီရန်မဟာမိတ် ဟူသီအဖွဲ့က ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုများစွာ လုပ်ဆောင်လာခဲ့တာကြောင့် ပင်လယ်နီရေပြင်မှာ ကုန်စည်ကူးသန်းသွားလာမှုတွေကို စောင့်ရှောက်ဖို့အတွက် နိုင်ငံပေါင်းစုံ စစ်ဆင်ရေးအဖွဲ့တစ်ခု ထူထောင်လိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အင်္ဂါနေ့(ဒီဇင်ဘာ ၁၉) မှာ ကြေညာပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန် ရေတပ်ဋ္ဌာနချုပ်တွေ အခြေစိုက်ရာဖြစ်တဲ့ ဘာရိန်းနိုင်ငံခရီးစဉ်အတွင်း အော်စတင်က ပြောဆိုခဲ့ရာမှာ စစ်ဆင်ရေးဆောင်ရွက်မယ့် အဖွဲ့အတွင်း ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေနဲ့ စပိန်နိုင်ငံတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၎င်းတို့အနေနဲ့ ပင်လယ်နီတောင်ပိုင်းနဲ့ အေဒင်ပင်လယ်ကွေ့မှာ ပူးတွဲကင်းလှည့်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အော်စတင်က ပြောပါတယ်။

“ဒါဟာ စုပေါင်းလုပ်ဆောင်မှုကို တောင်းဆိုတဲ့ နိုင်ငံတကာ စိန်ခေါ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးသော နိုင်ငံပေါင်းစုံ လုံခြုံရေး ပဏာမခြေလှမ်းသစ်ဖြစ်တဲ့ Operation Prosperity Guardian ကို ထူထောင်ကြောင်း ကျွန်တော် ကြေညာပါတယ်” လို့ အင်္ဂါနေ့ မနက်အစောပိုင်းက ထုတ်ပြန်ချက်မှာ အော်စတင်က ပြောဆိုခဲ့ပါတယ်။

ဒီအဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတွေဟာ မကြာခင်ရက်တွေက ဟူသီဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အမေရိကန် စစ်သင်္ဘောတွေ ပစ်ချခဲ့သလိုမျိုး၊ တိုက်ခိုက်မှု ကြုံနေရတဲ့ ကုန်တင်သင်္ဘောတွေကို ချက်ချင်းသွားရောက် ကူညီကာကွယ်ပေးတာမျိုး လုပ်လိုကြသလားဆိုတာ အပါအဝင် အော်စတင်ရဲ့ ထုတ်ပြန်ချက်အပေါ် မဖြေနိုင်တဲ့ မေးခွန်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

ဟူသီသူပုန်အဖွဲ့ဟာ အရေးပါတဲ့ ကုန်သွယ်ရေလမ်းကြောင်းရှိ သင်္ဘောတွေကို တိုက်ခိုက်ခြင်း၊ သူတို့အာဏာထိန်းချုပ်ထားရာ ယီမင်မြို့တော် ဆာနာကနေ မိုင် ၁၀၀၀ ကျော်ကွာဝေးတဲ့ အစ္စရေးအထိ ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အော်စတင်ရဲ့ ကြေညာချက် ထွက်မလာခင် နာရီပိုင်းလောက်ကပဲ ဒေသတွင်းရှိ ကုန်တင်သင်္ဘောနှစ်စင်းကို ဒရုန်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောဆိုသွားခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here