တပ်မတော်တွင် ကလေးစစ်သား မရှိစေရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

0
191

တပ်မတော် အနေဖြင့် တပ်သားသစ်စုဆောင်းရာတွင် အရွယ်မရောက်သေးသည့် ကလေးစစ်သားများ တာဝန်ထမ်းဆောင်မှု မရှိစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောကြားသည်။

ဒီဇင်ဘာ (၁၉) ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သို့ ဝင်ရောက်လာသည့် လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍ စိစစ်ပြီးအသက်မပြည့်ကြောင်း သံသယရှိသူများကို လက်ခံခြင်း မရှိဘဲ နေရပ်သို့ ပြန်လည် စေလွှတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် Country Task Force on Monitoring and Reporting (CTFMR) မှ ပေးပို့လာသည့် သံသယဖြစ်ဖွယ် စစ်သည်များကို ဆက်လက် စစ်ဆေးကာ အသက်မပြည့်ကြောင်း မှန်ကန်ပါက တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောသည်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ (၅) ရက်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကတာဝန်ဖြစ်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သားအဖြစ်စုဆောင်းခြင်း ၊ အသုံးပြုခြင်း မရှိစေရေးနှင့် တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသည့် သံသယဖြစ်ဖွယ် လူငယ်များကို စစ်ဆေးပြီး အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေး ရေး ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စိန်းက ပြောသည်။

CTFMR နှင့် ပူးပေါင်းသည့် အချိန်မှစတင်ကာ လက်ရှိအချိန်ထိ အသက်မပြည့်သေးသည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း သိရသည်။

မြန်မာအစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လ (၂၇) ရက်တွင် လက်မှတ်ရေးထိုး ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များကလည်း ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here