ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရကာ လမ်းပိုင်းပျက်စီးခဲ့မှုကြောင့် ရထားခရီးစဉ် ကြန့်ကြာမှုဖြစ်ပွား

0
208

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ရထားလမ်းတံတားအနီးတွင် မိုင်းခွဲဖျက်ဆီးလိုက်ခြင်းကြောင့် အမှတ် (၅) အဆန် ရန်ကုန် – မန္တလေး လူစီးအမြန်ရထား ခရီးသွားလာမှု ကြန့်ကြာခဲ့ရကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ၊ မိုင်တိုင် အမှတ် ၃၅၃/၃ နှင့် ၄ အကြား တံတားအမှတ် (၇၃၆) အနီးတွင် ယမန်နေ့ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့ရပြီး သံလမ်းများ ရွေ့လျား သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ရထားလမ်းပိုင်း ခေတ္တပိတ်ထားရကာ အမှတ် ၅ အဆန် ရန်ကုန် – မန္တလေး လူစီးအမြန်ရထားမှာ မြစ်သား ဘူတာတွင်ဒီဇင်ဘာ (၁၉) ရက် နံနက် (၇) နာရီ (၅၀) မိနစ်တွင် ရပ်တန့်ထားခဲ့ရကြောင်း နစကမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကာ လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအား စစ်ဆေးပြုပြင်ခဲ့ပြီး အစုန်လမ်းပိုင်းကို ဖွင့်ပေးခဲ့ရာ အမှတ် (၅) အဆန် ရန်ကုန် – မန္တ လေး လူစီးအမြန်ရထားမှာ နံနက် (၉) နာရီ (၁၀) မိနစ်တွင် ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိ ရထားလမ်းနှင့် ရထားနယ်မြေ ၊ ဘူတာနယ်မြေများအတွင်း အကြိမ် (၁၃၀) မိုင်းထောင်ဖောက်ခွဲခံခဲ့ရကာ ရထားတံတားများအား (၄၆) ကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား ၁၂ ကြိမ် မီးရှို့ဖျက်ဆီး ကျူးလွန်ခံခဲ့ရကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here