နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားသို့ တရုတ်၏ပို့ကုန်ပြန်လည်မြင့်တက်လာ

0
172

ပေကျင်း၊ဒီဇင်ဘာ ၂၀

ကပ်ရောဂါအလွန်၌ မြောက်ကိုရီးယား၏စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်လိုက်ချိန်တွင် တရုတ်က မြောက်ကိုရီးယားသို့ ပို့ကုန်တင်ပို့မှုသည် နိုဝင်ဘာလတွင်သိသိသာသာမြင့်တက်လာခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရသိရသည်။

ပြီးခဲ့သည့်လက မြောက်ကိုရီးယားသို့ တရုတ်၏တင်ပို့မှုမှာ အောက်တိုဘာလကထက် ၁၈ ဒသမ ၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဧပြီလနောက်ပိုင်း အလျင်မြန်ဆုံးတိုးလာသည့်ပမာဏဖြစ်ကြောင်း တရုတ်အကောက်ခွန် ဌာနက ထုတ်ပြန်သော အချက်အလက်များအရသိရသည်။

ဆံပင်တု၊သကြားနှင့် ပဲပိစပ်ဆီတို့အပြင် ဆံပင်တုများတွင်အသုံးပြုရန် ပြုပြင်ထားသောသိုးမွှေးများသည် မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်၏ အဓိကတင်ပို့မှုများလည်းဖြစ်သည်။

ကပ်ရောဂါပြီးနောက် ဖြည်းဖြည်းချင်းပြန်ဖွင့်လာသည်နှင့်အမျှ မြောက်ကိုရီးယားသည် တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များကို လာရောက်လည်ပတ်ခွင့်ပြုခဲ့သကဲ့သို့ ပြုံယမ်းနှင့် ပေကျင်းအကြား လေကြောင်းခရီးစဉ်များကိုလည်း ပြန်လည်စတင်ခဲ့သည်။

မြောက်ကိုရီးယားသည် တရုတ်၏တစ်ဦးတည်းသော တရားဝင်မဟာမိတ်ဖြစ်ပြီး နှစ်ဖက်လုံးသည် တိုက်ခိုက်မှု (သို့) တတိယနိုင်ငံက တိုက်ခိုက်ရန် ကြိုးပမ်းသည့်ကိစ္စများ၌ စစ်ရေးအကူအညီအပါအဝင် အခြားလိုအပ်သည့်အရာများအားလုံးတွင်အချင်းချင်းကူညီရမည်ဟူသောအချက်များပါဝင်သည့် စာချုပ်တရပ်ကို ၁၉၆၁ ခုနှစ်တွင်လက်မှတ်ရေးထိုးထားခဲ့သူများလည်းဖြစ်သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here