တရုတ်ပြည်တွင်း နှင်းမုန်တိုင်း တိုက်ခက်နေသဖြင့် မြန်မာ့အသီး ဈေးကွက်ဝယ်လိုအားကျ

0
225

လက်ရှိတွင် တရုတ်ပြည်အတွင်း၌ နှင်းမုန်တိုင်း တိုက်ခက်နေသဖြင့် ဈေးကွက်အတွင်း၌ မြန်မာ့သစ်သီးဝယ်လိုအားကျဆင်းနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“လတ်တလော တရုတ်ပြည်တွင်းမှာ နှင်းမုန်တိုင်းတွေကျနေတော့ ဈေးကွက်ကလည်း ကျနေပါတယ်။ကျွန်တော်တို့လမ်းကြောင်းက မိုင်းလားနဲ့ ဗန်းမော်ကို မျှပြီးသွားနေရတော့ ဈေးကွက်ရောင်းဈေးလည်း မတူကြဘူး။ ကျွန်တော်တို့အတွက်တော့ ယခုလက်ရှိဈေးကွက်အရ ဈေးကျနေတဲ့အတွက် သိပ်မကိုက်ဘူးပေါ့ဗျာ။ အသီးမကောင်းရင် အောက်မှာရောင်းပါတယ်။ တစ်ပတ်လောက်တော့ ဈေးကွက်စောင့်ကြည့်ရတာပေါ့။ ကျွန်တော်တို့မှာ ဒီထက်ကောင်းတဲ့ ရွေးချယ်မှုမရှိသရွေ့တော့အားတင်းထားကြရုံပေါ့”ဟု သစ်သီးကုန်သည်တစ်ဦးကပြောသည်။

မြန်မာပြည်မှ ထွက်ရှိသည့် သစ်သီးများကို မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခြင်းဖြစ်ပြီး ရှမ်းမြောက် တိုက်ပွဲများ စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ လက်ရှိအချိန်ထိ တရုတ် – မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာ ရပ်တန့်နေခြင်းဖြစ်သည်။

“မိုင်းလားဘက်ရွေးချယ်ရင်တော့ ရက်ကြာမယ်။ အသီးပုပ်တယ်။ လတ်ဆတ်မှုမရှိဘူး။ တန်ချိန်သိပ်မထွက်ဘူး။ ဒါပေမယ့်ဝယ်လက်များမယ်၊ ဈေးကဆွဲလို့ရတယ်။ ဗန်းမော် / လွယ်ဂျယ်ဘက်ကျတော့ အသီးက လတ်လတ်ဆတ်ဆတ်ဝင်နိုင်တယ်။ အသီးမပုတ်တော့ တန်ချိန်များများရတယ်။ ဝယ်လက်သိပ်မရှိဘူး။ ဈေးက မိုင်းလားထက်တော့ နည်းမယ်။ ဒါပေမဲ့ စရိတ်က မိုင်းလားလောက် မများဘူး”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ လမ်းကြောင်းများ ရပ်တန့်နေသည့်အတွက် သစ်သီးကုန်သည်များအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှတဆင့် တရုတ်ဘက်သို့ တင်ပို့ရန် လမ်းကြောင်းရွေးချယ်မှုများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here