ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ပြည်ပခရီးသွား ၃၉၀၀ ကျော် လာရောက်လည်ပတ်

0
261

မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသသို့ ၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်ပခရီးသွားဧည့်သည် ၃၉ဝဝ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများနှင့် ပြည်ပနိုင်ငံ ၅၃ နိုင်ငံမှ လေ့လာရေး ဘုရားဖူးလာရောက်ကြရာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှင့် ပွဲတော်ကာလများတွင် ခရီးသွားများ များပြားလျက် ရှိကြောင်း သိရသည်။

ပြည်တွင်း ဘုရားဖူး ခရီးသွားများအနေဖြင့် နေ့ချင်းပြန်ဘုရားဖူးများ များပြားသလို ပြည်ပခရီးသွားလာရောက်မှုများအနေဖြင့် ထိုင်း၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ စပိန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံတို့မှ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ဂူဘုရားအမျိုးမျိုး တည်ဆောက်ပုံ ဗိသုကာ ပညာရပ်များ၊ အလွန်ကြီးမားသည့် ရှေးအဆောက်အအုံများကို သဲကျောက်တုံးများဖြင့် ထိန်းသိမ်းထားပုံများ၊ ပုဂံခေတ်အနုသုခုမလက်ရာများကို လေ့လာလို၍ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂံဂူဘုရားများအတွင်း ရေးဆွဲထားသည့် ပုဂံခေတ်နံရံပန်းချီများ၊ ကုန်းဘောင်ခေတ်နံရံပန်းချီများကို စိတ်ဝင်စား၍ လာရောက်လေ့လာခြင်းများရှိသလို ပုဂံခေတ်တွင် ရေးထိုးထားသော ကျောက်စာများကို လေ့လာဖတ်ရှုလိုသည့် ပြည်ပနိုင်ငံသားများက ကျောက်စာဖတ်တတ်သည့် ဧည့်လမ်းညွှန်များ ငှားရမ်း၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here