ဝါရှင်တန်အနေဖြင့် ယီမင်ကို ပစ်မှတ်ထားလာပါက အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်မည်ဟု ဟူသီခေါင်းဆောင် ခြိမ်းခြောက်

0
271

အီရန်ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့အပေါ် ဝါရှင်တန်က ပစ်မှတ်ထားလာမယ်ဆိုရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ခေါင်းဆောင်က ဒီဇင်ဘာ ၂၀ ရက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ပင်လယ်နီရှိ ကုန်သွယ်သင်္ဘောတွေအပေါ် ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းဖို့အတွက်ဆိုကာ နိုင်ငံစုံစစ်ဆင်ရေးအဖွဲ့ ဖွဲ့လိုက်ကြောင်း ယခုသီတင်းပတ်မှာ ဝါရှင်တန်က ကြေညာထားခဲ့တာပါ။

နှစ်ရှည်စစ်ပွဲတစ်ခုဖြစ်ပွားပြီးနောက် ယီမင်နိုင်ငံရဲ့ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဟူသီအဖွဲ့ဟာ ပင်လယ်နီရေပြင်မှာ ကူးသန်းသွားလာနေတဲ့ နိုင်ငံတကာ ကုန်သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်လွှတ်ကာ တိုက်ခိုက်နေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်အပေါ် အစ္စရေးရဲ့ ထိုးစစ်ဆင်မှုအား တုန့်ပြန်ခြင်းဖြစ်တယ်လို့ ဟူသီအဖွဲ့က ပြောဆိုပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံအများစုပါဝင်တဲ့ အခြား ၁၀ နိုင်ငံနဲ့အတူ အမေရိကန်က ပင်လယ်နီလုံခြုံရေး ရှေ့ပြေးအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ပြီး ပင်လယ်နီမှာ ဟူသီတို့ရဲ့ နောက်ထပ်တိုက်ခိုက်လာမှုတွေကို တားဆီး၊ တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ ကုန်သင်္ဘောတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလိုင်းကြီးတွေဟာ အာဖရိကတစ်ဝန်းက အခြားရေလမ်းကြောင်းတွေကို လမ်းကြောင်းပြောင်းရမှုတွေဖြစ်စေခဲ့ပါတယ်။

“အမေရိကန်တွေအနေနဲ့ ဒီထက်ပို အရှိန်မြင့်အောင်လုပ်လာပြီး ကျွနု်ပ် တို့နိုင်ငံအပေါ် ပစ်မှတ်ထားတာ ဒါမှမဟုတ် စစ်ပြုတာမျိုးလို မိုက်မိုက်ကမ်းကမ်းတွေ လုပ်လာခဲ့ရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး” လို့ ဟူသီခေါင်းဆောင် အဗ္ဗဒယ် အာလက်ခ် အယ်လ်-ဟူသီက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ နိုင်ငံအပေါ်ရည်ရွယ်တဲ့ မည်သည့် အမေရိကန်ပစ်မှတ်မျိုးမဆို မိမိတို့က ပြန်လည်ပစ်မှတ်ထားသွားမှာဖြစ်ကြောင်း၊ အမေရိကန် စစ်သင်္ဘောတွေ၊ အကျိုးစီးပွားတွေနဲ့ ရေကြောင်းပစ်မှတ်တွေကို မိမိတို့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ စစ်ဆင်ရေးတွေဖြင့် ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုပ်သံမိန့်ခွန်းမှာ ၎င်းက ပြောဆိုသွားပါတယ်။

အစ္စရေးနဲ့ ဂါဇာဒေသကို အုပ်ချုပ်တဲ့ ပါလက်စတိုင်း အစ္စလာမ်မစ်အုပ်စု ဟားမတ်စ်အကြား စစ်ပွဲဖြစ်စဉ်ကြောင့် ပင်လယ်နီအကျပ်အတည်း ကြီးထွားလာခဲ့ပြီး အရှေ့အလယ်ပိုင်းရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ပဋိပက္ခမှာ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဒေသတွင်း အင်အားကြီး အီရန်နဲ့ ၎င်းရဲ့ အာရပ် လက်ဝေခံပြည်သူ့စစ်တွေကို တွန်းလှန်ရဖို့ဖြစ်လာခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here