ထိုင်းနိုင်ငံရှိ ဖုန်းငွေဖြည့်စက်တစ်ခု၌ မြန်မာကျပ်ငွေ ၅၀၀ တန် အသုံးပြု၍ ဖုန်းငွေဖြည့်ခဲ့သော မြန်မာ (၁) ဦး အမှုဖွင့်ခံရ

0
357

ထိုင်းနိုင်ငံ၊ ဖေ့ချဘွန်ခရိုင်၊ ဝိချီယန်မြို့နယ်၊ ထာ့လုံကျေးရွာ ဝိချီယန်-ခုတ်ပလုံ လမ်းဘေးတွင် တပ်ဆင်ထားသော ထိုင်းဖုန်းငွေဖြည့်စက်တွင် မြန်မာကျပ်ငွေ ၅၀၀ တန် အသုံးပြု၍ ဖုန်းငွေဖြည့်ခဲ့သော မြန်မာ (၁) ဦးကို ဖုန်းငွေဖြည့်စက်ပိုင်ရှင်က အမှုဖွင့်လှစ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ဖုန်းငွေဖြည့်စက်ပိုင်ရှင် ထိုင်းနိုင်ငံသား Mr. စော်လယွတ်သည် ထာ့လုံကျေးရွာ ဝိချီယန်-ခုတ်ပလုံ လမ်းဘေးတွင် ဖုန်းငွေဖြည့်စက်ဖွင့်လှစ်ထားပြီး နေ့စဉ်ငွေဖြည့်စက်ထဲမှငွေများကို သိမ်းယူလေ့ရှိကြောင်း သိရသည်။

ထိုသို့ သိမ်းယူလာခဲ့ရာ ယမန်နေ့ ဒီဇင်ဘာ (၂၀) ရက်က ငွေသိမ်းယူစဉ် မြန်မာကျပ်ငွေ (၅၀၀) တန် (၁) ရွက်ကို တွေ့ရှိခဲ့ရကြောင်း ဖုန်းငွေဖြည့်စက်ပိုင်ရှင် ထိုင်းနိုင်ငံသား Mr. စော်လယွတ်က ဆိုသည်။

အဆိုပါ မြန်မာကျပ်ငွေ (၅၀၀) တန်ဖြင့် ငွေဖြည့်သူကို သိရှိရန် CCTV ကင်မရာမှတ်တမ်းမှ ပြည်လည်ကြည့်ရှုစစ်‌ဆေးခဲ့ရာ ဒီဇင်ဘာ (၁၉) ရက် နံနက် (၃) နာရီကျော်အချိန်က ဆိုင်ကယ်စီးလာသည့် အမျိုးသား တစ်ဦးမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပြီး ဦးထုပ်ဆောင်ထားကာ ငွေဖြည့်စက်တွင် မြန်မာကျပ်ငွေ ၅၀၀ တန်ဖြင့် ဖုန်းဘေ ဘတ် ၅၀၀ ဖြည့်သွားခဲ့သည်ကို တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မြန်မာကျပ်ငွေ ၅၀၀ တန်ကို အသုံးပြုပြီး ဖုန်းငွေဖြည့်သွားသူ မြန်မာနိုင်ငံသားကို ငွေဖြည့်စက် ပိုင်ရှင်ဖြစ်သူက ဝိချီယန် ရဲစခန်းတွင် ဥပဒေအရ အရေးယူပေးရန် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here