ဒီဇင်ဘာလ တတိယ (၁၀)ရက်ပတ်အတွင်း ချင်းပြည်နယ်တွင် အအေးပိုလာနိုင်ပြီး တိုင်းနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းနိုင်

0
145

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယ (၁၀)ရက်ပတ်အတွင်း ချင်းပြည်နယ်တွင် အအေးပိုလာနိုင်ပြီး တိုင်းနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်ပိုင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

ဒီဇင်ဘာလ တတိယ (၁၀)ရက်ပတ်အတွင်း ချင်းပြည်နယ်တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန် (၁.၅) ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းနိုင်သည်ဟု မိုး/ဇလမှ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်နှင့် မွန်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း(တောင်ပိုင်း)၊ ရခိုင်နှင့် ကယားတို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းနှင့် ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ရှမ်းတို့တွင် (၂)ရက်မှ (၃)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် (၁)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here