အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာ MOU ရေးထိုး

0
170

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြား မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ Feasibility Study (F.S) (MoU) ကို ဒီဇင်ဘာလ (၂၀) ရက်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုအတွင်းရှိ စုစုပေါင်း မြေဧရိယာ ၇၃၈.၁၉ ဧကပေါ်တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်တို့အား အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ပြုရန် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တင်ပြလာမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အမှာစာအား သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသရေထွက်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကုန်ချောထုတ်လုပ်ရန် နိုင်ငံတကာ လုပ်ငန်းများမှ နည်းပညာနှင့် အရင်းအနှီးများ ဝင်ရောက်လာမည်ဖြစ်၍ နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားဝင်ငွေနှင့် အခွန်အများ တိုးပွားရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ကာ စသည့် အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ရပါကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အဆင်ပြေချောမွေ့ပါစေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတကာအဆင့်မီ ငါးလေလံဈေး စီမံကိန်း၌ ငါးတင်ငါးချဆိပ်ကမ်း၊ အအေးခန်းများ၊ ကုန်ကြမ်းများ အချောထည်လုပ်မည့် စက်ရုံများ၊ လူနေအိမ်ယာများ၊ ဆက်စပ်နေရာများ၊ စီမံကိန်းထပ်မံတိုးချဲ့မည့် နေရာများ ပါဝင်မည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်ရေးကာလ (၇) နှစ်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here